မန်ချက်စတာ ယူနိုက်တက်ကနေ ဒီနွေမှာ အလွတ်နဲ့ ထွက်ခွာလာတော့မယ့် ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ် တို့လို့ ဥရောပထိပ်သီးတွေ ကလပ်တွေက စိတ်ဝင်စားနေတဲ့ အပြင် ပရီးမီးယားလိဂ်ကလည်း ကလပ် နှစ်သင်းက ပြင်သစ်သားကို ခေါ်ချင်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ပေါ့ဘာကတော့ သူ့ရဲ့ ဒုတိယအကြိမ် မန်ချက်စတာသားဘဝမှာ ကျေနပ် ပျော်ရွှင်ပုံ မရတော့ဘဲ ဆုဖလားတွေ ဝေးကွာနေရတဲ့ အပေါ် မပျော်ရွှင်ကြောင်း လတ်တလော အင်တာဗျူးမှာ ထုတ်ပြောလာပါတယ်။
” ဒီရာသီ ယူနိုက်တက်က ဘာဖလားမှ မရနိုင်တော့ပါဘူး၊ ပြီးသွားပါပြီ။ ပြီးခဲ့တဲ့ ၅ ရာသီလုံးလည်း ကျနော့်ကို ကျေနပ်မှု မပေးနိုင်ဘူး၊ လုံးဝပါပဲ။ မန်ချက်စတာ ယူနိုက်တက်နဲ့ပဲ ဖြစ်ဖြစ် တခြားကလပ်နဲ့ပဲ ဖြစ်ဖြစ် ကျနော်က ဆုဖလားတွေကို ရယူချင်သူပါ။ ” လို့ ပေါ့ဘာက La Figaro နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။
ပေါ့ဘာရဲ့ ဒီလို အပြောကြောင့် ယူနိုက်တက်နဲ့ လမ်းခွဲဖို့က ပိုမိုပီပြင်လာနေပြီး အသက် ၂၉ နှစ် အရွယ် ကွင်းလယ်သမား ကို ခေါ်နိုင်ဖို့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ် တို့ကပဲ အပြိုင် ရေပန်းစားလာနေပါတယ်။
ဒါပေမယ့် အင်္ဂလန်သတင်းတွေ အဆိုအရ ပြည်တွင်း ပရီးမီးယားလိဂ်မှာလည်း ပေါ့ဘာ အခြေအနေကို စောင့်ကြည့်ပြီး ခေါ်ယူဖို့ ကြိုးစားမယ့် ကလပ်အသင်းတွေ ရှိနေကြောင်း သိရပါတယ်။ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာ တို့က ပေါ့ဘာကို စိတ်ဝင်စားနေကြတာပါ။
နယူးကာဆယ်အသင်းဟာ ပိုင်ရှင်သစ် ပြောင်းလဲပြီးတဲ့နောက် ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း တစ်သင်း ဖြစ်လာနေပြီး တန်းဆင်းဇုန်ကနေလည်း ရုန်းထွက်နိုင်ကာ ရလဒ်ကောင်းတွေ ရယူနေပါတယ်။
အက်စတွန်ဗီလာကလည်း စတီဗင်ဂျရတ်ကို နည်းပြ ခန့်ထားပြီးနောက် ဒီနှစ်တွေ အတွင်း တွန်းအားပေးကာ အသင်း အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ပေါ့ဘာ အနေနဲ့ကတော့ ဒီရာသီ ပြည်တွင်းဖလား အကုန်ကနေ ထွက်ခွာခဲ့ရပြီး ချန်ပီယံလိဂ်ကနေပါ စောစော ပြန်လာခဲ့ရကာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ အတွက်ပဲ လက်ကျန်ရာသီမှာ အားစိုက်ရမယ့် အပေါ် စိတ်ပျက်နေပုံရပြီး သူ့ မပျော်ရွှင်မှုကို ပေါ်တင် ထုတ်ဖော် ပြောဆိုလာပြီ ဖြစ်ပါတယ်။