ချယ်ဆီးနဲ့ပွဲ လွဲမယ့် ဟာဇက်၊ အကောင်းဆုံး ဂိုး ဆန်ကာတင်ထဲ ပါဝင်သူ ၂ဦးနဲ့ ချယ်ဆီး သတင်းတိုများ

အီဒင်ဟာဇက်ဟာ ဒဏ်ရာ ခွဲစိတ်မှု ခံယူရဖို့ ရှိလို့ တစ်လလောက် ပွဲ မကစားနိုင်ဖို့ ရှိနေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ အသင်းဟောင်း ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေ လွဲချော်ဖွယ် ရှိနေပါတယ်။

ရိစ်ဂျိမ်းစ်နဲ့ ကိုင်ဟာဗက်ဇ် တို့ သွင်းဂိုးတွေဟာ မတ်လ အတွက် အကောင်းဆုံး သွင်းဂိုး ဆန်ကာတင် စာရင်းမှာ ပါဝင်နေပါတယ်။ ဂျိမ်းစ်က ဘန်လေကို ၄-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ လှပစွာ သွင်းခဲ့တာ ဖြစ်သလို ကိုင်ဟာဗက်ဇ်ကလည်း အရေးပါတဲ့ စက္ကန့်ပိုင်းအတွင်း နယူးကာဆယ်ဘက် ထိချက်လှလှနဲ့ သွင်းခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်း ပရိသတ်တွေဟာ အသင်းကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ရစ်ကတ်မိသားစု ကို မယုံကြည် ဆန့်ကျင်မှုတွေ ရှိနေပေမယ့် ၎င်းတို့နဲ့ တွေ့ဆုံပြီးနောက် ယုံကြည်မှု ပေးထားမယ့် အကြောင်း စာထုတ် တုန့်ပြန်ထားပါတယ်။

ပဲလေ့စ်မှာ အငှားထွက်ကစားနေတဲ့ ချယ်ဆီး လူငယ် ကော်နာ ဂလဲဟားဟာ ခြေစွမ်းထက် ကစားသမား ဖြစ်ပေမယ့် မိခင်ကလပ် ချယ်ဆီးနဲ့ တွေ့တိုင်း ကစားခွင့် မရတဲ့ အက်ဖ်အေရဲ့ စည်းမျဉ်းကို အီယန်ရိုက်ကတော့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

အသင်းရဲ့ ခက်ခဲတဲ့ ကာလကြီး ကြုံခဲ့ရချိန်မှာ ချယ်ဆီးအသင်းသားတွေက ကိုယ်လုပ်နိုင်တာ ကို အာရုံစိုက် လုပ်ဆောင်ပြီး ပရော်ဖက်ရှင်နယ် ဆန်ဆန် ကျော်ဖြတ်နေတယ်လို့ ဟာကင် ဇီယက် က ဖွင့်ဟခဲ့ပါတယ်။

အီတလီအသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပါဝင်ခွင့် လွဲချော်ပြီးတဲ့နောက် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။