ရက်ဖို့ဒ်ကို ချိန်နေတဲ့ အာဆင်နယ်၊ ပရီးမီးယားလိဂ် ပြန်လာမရ ဖြစ်နေတဲ့ မော့ဆက်နဲ့ အပြောင်းအရွှေ့ သတင်းများ

စပါးတပ် မော်စကိုမှာ ကစားနေတဲ့ ချယ်ဆီး ကစားသမားဟောင်း ဗစ်တာ မော့ဆက်ဟာ ရုရှားကနေ ထွက်လာပြီး ဘန်လေ သို့ ပြောင်းရွှေ့ လာလိုပေမယ့် ပရီးမီးယားလိဂ်က ပိတ်ပင်တားဆီးထားပါတယ်။

အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း အင်္ဂလန် သတင်းတွေမှာ ဖော်ပြလာပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ ရက်ဖို့ဒ်ကို အာဆင်နယ်က အူဘာမီးယန်း နေရာ အစားထိုးဖို့ ခေါ်ယူလိုလာတာပါ။

အစ္စရေး ကို ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ ဂျာမနီနဲ့ အတူ ခြေစွမ်းပြပြီး ဂိုးလည်းသွင်းယူနိုင်ခဲ့တဲ့နောက် တီမိုဗာနာ က သူ့ ခြေစွမ်းဟာ ချယ်ဆီးအသင်းနဲ့ထက် ဂျာမနီအသင်းမှာ ပိုအံဝင် အစွမ်းပြနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ လာကာဇက်နဲ့ အမ် ကတ်တီးယားတို့ကိုလည်း လက်လွှတ်ရဖွယ် ရှိနေတာကြောင့် တိုက်စစ်မှုးသစ် ခေါ်ယူအားဖြည့်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

ချယ်ဆီးနဲ့ ရာသီကုန်ရင် စာချုပ်ကုန်ကာ ထွက်ခွာလာတော့မယ့် ခံစစ်မှုး ရူဒီဂါ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲ ဂျူဗင်တပ်လည်း ပါဝင်လာပါတယ်။

မန်စီးတီး အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်ကတော့ သူတို့အသင်းဟာ တိုက်စစ်မှုး မပါဘဲ ကစားနေရတာ အတော်ကြာပြီ လို့ ဖွင့်ဟလိုက်ပြီး ဟာလန်းဟာ မန်စီးတီးနဲ့ လိုက်ဖက် အံဝင်မယ့်သူလို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဘာစီလိုနာ အသင်းဟာ လိဒ်စ်ယူနိုက်တက်မှ ဘရာဇီး ကြယ်ပွင့် ရာဖင်ဟာ ကို ခေါ်ယူဖို့ အတွက် အော်စကာ မင်ဂူဆာ ကို အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ၎င်းကို လိဒ်စ်ကလည်း ချိတ်ဆက်မေးမြန်းမှုတွေ ရှိနေတာပါ။

အဲဗာတန် အသင်းဟာ ကြယ်ပွင့် တိုက်စစ်သမား ဒိုမိနစ် ကဲလ်ဗတ် လီဝင်ကို ရောင်းချပြီး ငွေဖော်ဖို့ ပြင်ဆင်နေတယ် လို့ သတင်းထွက်ပေါ်လာပါတယ်။ အင်္ဂလန်သားကို အာဆင်နယ်နဲ့ ဝက်စ်ဟမ်း အသင်းတို့က ခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။