နားသွားတဲ့ ဝါးနော့ခ်၊ ဟာဇက်ကို ချိတ်နေတဲ့ အာဆင်နယ်၊ ဗန်ဒီဘိခ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ရှက်ဖီးယူနိုက်တက်နဲ့ ကားဒစ်ဖ် အသင်း နည်းပြဟောင်း နေးလ် ဝါးနော့ခ်ဟာ ဘောလုံးနည်းပြခြင်းကနေ အနားယူပြီ ဖြစ်ကြောင်း ဒီနေ့ ကြေညာသွားခဲ့ပါတယ်။

ချယ်ဆီးနဲ့ ပြန်ပေါင်းထုတ်ခဲ့ပေမယ့် တိုက်စစ်မှုး လူကာကူ တစ်ယောက် မပျော်ရွှင် ဖြစ်နေကြောင်းကို နည်းပြ တူချယ်က ဝန်ခံလိုက်ပြီး ဘယ်လ်ဂျီယံသား ရဲ့ အနေအထား ပြောင်းလဲလာနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။

ဘရာဇီးအသင်းနဲ့ သတင်းတွေ ထွက်နေတဲ့ အပေါ် မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာက ငြင်းဆန်လိုက်ပြီး သူ့ အနေနဲ့ စီးတီးနဲ့ ဆက်ရှိနေချင်ကြောင်းနဲ့ လက်ရှိမှာ ဘရာဇီးအသင်းကို ကိုင်တွယ်ဖို့ အစီအစဉ် မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်က ရီးရဲလ်မက်ဒရစ်မှာ အခြေမကျဖြစ်နေတဲ့ ချယ်ဆီး ကြယ်ပွင့်ဟောင်း အီဒင် ဟာဇက်ကို ချိတ်ဆက်နေပြီး အေးဂျင့်နဲ့ ပြောဆိုဆွေးနွေးနေကြောင်း သတင်းထွက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကို ယာယီကိုင်တွယ်နေတဲ့ နည်းပြ ရန်းနစ်က အငှားထွက် ကစားနေတဲ့ ကွင်းလယ် တိုက်စစ်သမား ဗန်ဒီဘိခ်ကို သူ သဘောကျပြီး အသင်းထံ ပြန်လာစေချင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒါကလည်း နောက်လာမယ့် နည်းပြသစ် အပေါ် မူတည်နိုင်တယ်လို့ ရန်းနစ်က ဆိုခဲ့ပါတယ်။

အဲဗာတန် နည်းပြ ဖရန့်လမ်းပတ်ဟာ ဒီစနေနေ့ည ပွဲမှာ မန်ယူနိုက်တက် ကို အရေးနိမ့်ရင် နည်းပြရာထူးကနေ ထုတ်ပယ် ခံရဖွယ် ရှိကြောင်း သတင်းထွက်နေပါတယ်။

ဘာစီလိုနာ ဝါရင့် ကစားသမားကြီး ဒန်နီအဲလ်ဗက်စ်က ၎င်း စာချုပ် ဇွန်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် အသင်း ဘက်က ရှေ့ဆက် အနာဂတ် ကိစ္စ ဘာမှ မပြောကြောင်း ထုတ်ဖော် လိုက်ပါတယ်။