နွေမှာ တိုက်စစ်မှူးသစ် ခေါ်ယူလိုနေတဲ့ ယူနိုက်တက်ဟာ ရွေးချယ်စရာ တိုက်စစ်သမား တစ်ဦး ထပ်တိုး ရလာခဲ့ပြီဖြစ်ပါတယ်။
မန်နေဂျာသစ်နဲ့အတူ တိုက်စစ်မှူးတစ်ဦး၊ ကွင်းလယ်လူတစ်ဦး ခေါ်ယူမယ့် ယူနိုက်တက်ဟာ ဟာလန်းကို စိတ်ဝင်စားထားပေမယ့်လို့ ချန်ပီယံလိဂ်ဝင်ခွင့် အခြေအနေအရ ဒီနွေမှာ ကမ်းလှမ်းနိုင်ဖို့ ခက်ခဲနေတာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့က ဟာလန်းကို ခေါ်ယူရေး ပိုမို အလေးသာနေတဲ့ အခြေအနေဖြစ်ပါတယ်။
ဟာလန်းရဲ့ လစာတောင်းဆိုမှုနဲ့ ပတ်သက်လို့ အင်္ဂလန် ကလပ်တစ်ခုက စုံစမ်းခဲ့ဖူးပြီး အခွန်အပြီးအစီး တစ်ရာသီကို ယူရို ၃၅ သန်း ဝန်းကျင်ရှိတယ်လို့ သိရတယ်။ အားလုံးပေါင်း ယူရို သန်း ၅၀ လောက် ကျသွားနိုင်ကာ ဟာလန်းကို ၅ နှစ်စာချုပ် ချုပ်ဆိုမယ်ဆိုရင် သူ့အတွက် လစာချည်းပဲ စုစုပေါင်း ပေါင် ၂၀၉ သန်း ကုန်ကျစေမှာ ဖြစ်ပါတယ်။
တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၈ သန်းအပြင် အေးဂျင့်ကြေးကလည်း အဆိုပါ ပြောင်းရွှေ့ကြေး နည်းပါးလောက် ထပ်မံ ကျသင့်နိုင်သေးတာပါ။ ယူနိုက်တက်ကတော့ စပါးတိုက်စစ်သမား ဟယ်ရီကိန်းကိုလည်း လျာထားပေမယ့် သူ့ထက် အသက် အများကြီး ငယ်တဲ့ ဥရုဂွေး တိုက်စစ်သမား နူညက်ကို ဒီနွေမှာ ခေါ်ယူခွင့် ရနိုင်မှာဖြစ်ပါတယ်။
နူညက် အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ကြောင်းကို အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုကပဲ ” ဒါဝင် နူညက်က ဒီနွေမှာ ဘင်ဖီကာကနေ ထွက်ခွာပါလိမ့်မယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၈၀ ဖြစ်ပါတယ်။ သူ့ရဲ့ အေးဂျင့်အသစ်က အခွင့်အလမ်းတွေကို ရှာဖွေနိုင်ဖို့ များစွာသော ထိပ်တန်းအသင်းတွေနဲ့ တွေ့ဆုံသွားတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်က နူညက်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ လုပ်ထားပြီဖြစ်တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက အာဆင်နယ်အသင်းက ဝက်ဟမ်းနည်းတူ နူညက်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရောင်းရန် မဟုတ်ဘူးဆိုပြီး ငြင်းဆန် ခံခဲ့ရပါတယ် ” လို့ ထုတ်ဖော်ခဲ့ပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ ပြည့်တော့မယ့် နူညက်ဟာ ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ်တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ကလပ်အများအပြားက စိတ်ဝင်စားနေတာဖြစ်ပါတယ်။