ရူဒီဂါ ချယ်ဆီးကနေ ထွက်ခွာဖို့ သေချာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်သွားဖို့ နီးစပ်လာ

ခံစစ်မှူး ရူဒီဂါဟာ ဒီရာသီကုန်ရင် ချယ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်း The Athletic က ဖော်ပြသွားပါတယ်။

ဂျာမာန် လက်ရွေးစင်ဟာ ဧပြီလအကုန်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ်ဆိုတာက သတင်း ကြားထားရပြီး ဖြစ်ပါတယ်။ ရူဒီဂါဟာ ချယ်ဆီးပိုင်ရှင် အသစ်တွေနဲ့ စကားပြောလိုသေးပေမယ့် ကလပ်ကို လွဲယူရေးဟာ မေလထိတောင် အပြီးသတ်ဖို့ မျှော်လင့်လို့ မရနိုင်သေးတာကြောင့် သူ ချယ်ဆီးအသင်းမှာ ဆက်နေဖို့က မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ခံစစ်မှူးဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း နည်းပြတူချယ်ရဲ့ စိတ်ကြိုက် ကစားသမားဖြစ်ခဲ့သလို ကလပ်ကို ချန်ပီယံလိဂ်ဖလား အနိုင်ရရေး ကြိုးစားပေးခဲ့တယ်။ ဒီသတင်းဟာ နည်းပြတူချယ်နဲ့ နည်းပြအဖွဲ့အတွက်တော့ စိတ်ပျက်စရာ သတင်းဖြစ်လာပါလိမ့်မယ်။

ရူဒီဂါဟာ ချယ်ဆီးရဲ့ လုပ်ခ အနည်းဆုံးရ စီနီယာ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး တစ်ပတ်ကို ပေါင် ၉၀၀၀၀ ဝန်းကျင် ရနေသူပါ။ ချယ်ဆီးက သူ့ကို လုပ်ခတိုးပေးလိုပေမယ့် ပြီးခဲ့တဲ့ နွေမှာ အင်တာမီလန်ကနေ ပေါင် ၉၇.၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ လူကာကူအတွက် တစ်ပတ်ကို အခြေခံလစာ ပေါင် ၃၄၀၀၀၀ ထိ ပေးရမှုက အကူအညီ မဖြစ်ခဲ့ပါဘူး။

နွေတုန်းကအပြင် ပြီးခဲ့တဲ့ ၄ လတုန်းကလည်း ချယ်ဆီးနဲ့ ရူဒီဂါကြား စာချုပ်ကိစ္စ ညိနှိုင်းကြပေမယ့် သဘောတူညီမှုရဖို့ အတော်လေး ဝေးကွာခဲ့ကြတယ်။ ဖေဖော်ဝါရီတုန်းက ချယ်ဆီးအသင်းဟာ ရူဒီဂါကို ကလပ် စံချိန်တင်လုပ်ခ ပေါင် ၂၉၀၀၀၀ နဲ့ ၄ နှစ် သက်တမ်းတိုးဖို့ ပြင်ဆင်ခဲ့ပေမယ့် အခြားသော ကလပ်တွေ ပေးတဲ့ လုပ်ခထက် နည်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ရူဒီဂါကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့ ကြိုးစားနေပြီး ယူနိုက်တက်ကလည်း စိတ်ဝင်စားထားခဲ့တယ်။ လက်တလောမှာတော့ ရူဒီဂါကို ခေါ်ယူရေး ရီးရဲလ်မက်ဒရစ်က အနီးစပ်ဆုံး အခြေအနေမှာ ရောက်နေတယ်လို့ သိရပါတယ်။