အချိန်ဆွဲကွက်တွေ သိပြီးသား ဆိုတဲ့ ကလော့ပ်၊ ထွက်ဖို့ သေချာသွားတဲ့ ရူဒီဂါနဲ့ တနင်္လာနေ့ နံနက်ခင်း သတင်းများ

တနင်္ဂနွေနေ့ည လီဗာပူးနဲ့ အဲဗာတန် တို့ရဲ့ မာဆေးဆိုဒ် ဒါဘီမှာ အိမ်ရှင် လီဗာပူးတို့ ၂-ဝ နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။ အဲဗာတန်တို့ ခပ်ကြမ်းကြမ်းနဲ့ အချိန်ဆွဲ ကစားခဲ့ပေမယ့် ထိုသို့ ကစားလာနိုင်ကြောင်း ကြိုသိခဲ့တယ် လို့ လီဗာပူး နည်းပြ ကလော့ပ်က ပွဲအပြီးမှာ ဆိုလိုက်ပါတယ်။

ခံစစ်မှုး ရူဒီဂါက လက်ရှိ ရာသီကုန်ရင် ချယ်ဆီးကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ချယ်ဆီးနည်းပြ တူချယ်က မနေ့က ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာ အတည်ပြု ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

တိုက်စစ်မှုးသစ် ရှာနေတဲ့ အာဆင်နယ်ဟာ ရိုးမားတိုက်စစ်ကစားသမား တန်မီအေဘရာဟမ်ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ချယ်ဆီး တိုက်စစ်မှူးဟောင်းဟာ စီးရီးအေမှာ ခြေစွမ်းပြနေပေမယ့် ရိုးမားကတော့ သူတို့ဝယ်ခဲ့စဉ်က ပေးခဲ့ရတဲ့ ပေါင် ၃၄သန်းထက် အများကြီးပိုတဲ့ ပြောင်းရွှေ့ကြေး ရရင် ထွက်ခွင့်ပေးဖွယ် ရှိပါတယ်။

လက်စတာဟာ ပီအက်စ်ဗီကွင်းလယ်လူ ဆန်ဂါရယ်ကို ပစ်မှတ်ထားနေပြီး ကနဦး ပေါင် ၂၉ သန်းနဲ့ ကမ်းလှမ်း သွားတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်မှ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရမှာဖြစ်ပေမယ့်လဲ စိတ်ဝင်စားခြင်းမရှိပဲ ခေါ်ဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ နည်းပြသစ် အဲရစ်တန်ဟက်က အဲရစ်ဆင်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ နည်းပြဘဝ စတင်ဖို့ ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာပါ။

စပါးဟာ အင်တာနောက်ခံလူ ဒန်ဇယ် ဒမ်ဖရိုင်းအတွက် ပေါင် ၂၁သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် အင်တာဘက်က အနည်းဆုံး ပေါင် ၃၄သန်း လိုချင်နေတာကြောင့် စပါးအနေနဲ့ ထပ်တိုးကမ်းလှမ်းမှုတွေ လုပ်ရနိုင်ဖွယ် ရှိပါတယ်။