ဘာစီလိုနာက လီဝန်ဒေါစကီး ကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီး တိုက်စစ် ၃ ယောက်ကို ရှင်းထုတ်ရန် ရှိနေ

ဂျာမန်သတင်းဌာနတွေ အဆိုအရ ဘာစီလိုနာ အသင်းဟာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါစကီး ကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီ လို့ သိရပါတယ်။

ဘာစီလိုနာက လီဝန်ဒေါစကီးကို ၃နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပြီး ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုက ယူရို သန်း ၃ဝ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ယူရို သန်း ၄ဝ အလိုရှိနေတာကြောင့် ဒီပြောင်းရွှေ့ကြေးကိုတော့ ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

သတင်းတွေ အဆိုအရ လီဝန်ဒေါစကီး ကိုယ်တိုင်က ဒီနွေမှာ အသင်းပြောင်းဖို့ တွန်းအားပေးနေတာ ဖြစ်ပြီး လက်ရှိကလပ်နဲ့ ၂၀၂၃ ထိ စာချုပ် ရှိနေကာ သက်တမ်းထပ်တိုးဖို့လည်း ၎င်းက ဆန္ဒ မရှိတော့ပါဘူး။ အသက် ၃၃ နှစ် အရွယ် တိုက်စစ်မှုးဟာ ဒီရာသီ ဘိုင်ယန်အတွက် ၄၅ ပွဲ ကစားပြီး ၄၉ ဂိုး သွင်းယူထားတာပါ။

ဘာစီလိုနာအသင်းဘက်မှာလည်း လီဝန်ဒေါစကီးသာ ရောက်လာရင် လက်ရှိ လူစာရင်းက တိုက်စစ်သမား ၃ ယောက်ကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။

ပထမ တစ်ယောက်က ဒီပေး ဖြစ်ပြီး လီဝန်သာ ရောက်လာရင် ပွဲထွက်နေရာ ပေးမှာ ဖြစ်ကာ အူဘာမီးယန်းကလည်း ရှိနေတာကြောင့် နယ်သာလန်သားက ထွက်ခွာရဖွယ် ရှိပါတယ်။

နောက်တစ်ယောက်က ဒီဂျောင် ဖြစ်ပြီး ၎င်းကို အငှား ဆက်လက် ခေါ်ထားဖို့ အခွင့်အရေးကလည်း နည်းပါး နေတာကနေ လီဝန်ဒေါစကီးသာ ခေါ်မယ် ဆိုရင် အငှား ကိစ္စ လုံးဝ ပျက်ပြယ်ဖွယ်ပါ။ ဒါ့အပြင် နည်းပြ ဇာဗီ က Braithwaite ကိုလည်း ပွဲထွက်ခွင့် ပေးဖို့ ယုံကြည်မှု မရှိတာကြောင့် ရောင်းချပြီး ငွေရှာဖွယ် ရှိပါတယ်။

လီဝန်ဒေါစကီး ဟာ အရွယ်ရလာတဲ့ တိုက်စစ်မှုး ဖြစ်ပေမယ့် ဂိုးသွင်းခြေနဲ့ ပါးနပ်မှုတွေ အတွေ့အကြုံ ရှိမှုတွေက ဘာစီလိုနာ မက်မော်ချင်စရာ ဖြစ်နေသေးပြီး နည်းပြ ဇာဗီကတော့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်။