အရမ်းပွားလွန်းတယ်ဆိုတဲ့ ကွန်တီရဲ့ စကားနာထိုးမှုကို တုန့်ပြန်လိုက်တဲ့ အာဆင်နယ် နည်းပြ အာတီတာ

အာတီတာက စပါးနဲ့ပွဲမှာ သူတို့ကို ထိခိုက်စေခဲ့တဲ့ အဓိက ဆုံးဖြတ်ချက်တွေအတွက် ဒိုင်လူကြီး ပေါလ်တီယာနေးကို ဝေဖန်ခဲ့တဲ့နောက် စပါးနည်းပြ ကွန်တီရဲ့ တုန့်ပြန် ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

ကွန်တီက ” အာတီတာက အတော်လေးကို စောဒက တက်လွန်းပါတယ်။ အဲ့အစား သူ့အသင်းကို ပိုပြီး အာရုံစိုက်နေသင့်တာပါ။ သူ့အလုပ်ကို ပိုပြီး အာရုံစိုက်တာမျိုးပေါ့။ သူက နည်းပြကောင်းဖြစ်လို့ သူ့အလုပ်ကို ဆက်ပြီး အာရုံစိုက်ရမှာဖြစ်ပါတယ်။ သူတစ်ချိန်လုံး ပွားနေတာပဲ ကြားနေရတာက သိပ်မကောင်းပါဘူး ” လို့ ဝေဖန်ခဲ့တယ်။

အာတီတာဟာ ကွန်တီကို တုံ့ပြန်ဖို့ ငြင်းပယ်ခဲ့ပေမယ့် ရော့ဘ်ဟိုးဒင်း အနီကဒ်နဲ့ ထုတ်ပယ်ခံရချိန် သူရဲ့ ကစားသမားအပေါ် ကာကွယ်ပေးမှုအတွက် ဖြေရှင်းလိုက်ပြီး အသင်းသားတွေနဲ့ ကလပ်ကို အမြဲတမ်း ကာကွယ်သွားမှာပါလို့ ပြောဆိုခဲ့တယ်။

အာတီတာကပဲ သူဟာ ကွန်တီ စွပ်စွဲသလို အမြဲတမ်း ညည်းညူနေတတ်သူ မဟုတ်တာကြောင့် ခံစားရတာတွေကို လူသိရှင်ကြား ထုတ်မပြောချင်ဘူးလို့ ရှင်းပြခဲ့ပါတယ်။

“ ဒီမှာရှိတဲ့ ၃ နှစ်အတွင်း ကျွန်တော် လုပ်ဖို့ကြိုးစားခဲ့တဲ့ အရာက စောဒက မတက်ဖို့ပဲ။ ကြာသပတေးနေ့ပွဲမှာလည်း ကျွန်တော် စောဒကမတက်ခဲ့ဘူး။ ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်အတွေးအပါ် ရှင်းလင်းတဲ့ သုံးသပ်ချက်မျိုး မပေးနိုင်ဘူးလို့ပဲ ပြောခဲ့တာပါ။

ဘာပဲလုပ်လုပ် ကျွန်တော်က အသင်းကို ကာကွယ်ဖို့ ကြိုးစားသွားမှာပါ။ ဒါက ဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်က ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပါပဲ။ ကလပ်ရဲ့ကိုယ်စား ကျွန်တော်တို့ ဘယ်လိုခံစားရတယ်ဆိုတာ ပြောဆိုဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ။ ဒါကို ကျွန်တော် မလုပ်နိုင်ရင် မလုပ်ချင်ပါဘူး” လို့ အာတီတာက ဆိုပါတယ်။

အာဆင်နယ်ဟာ ရာသီ နောက်ဆုံး ရက်သတ္တပတ်နဲ့နီးစပ်လာချိန်မှာ ကစားသမား ရွေးချယ်စရာတွေ နည်းပါးလာနေပါတယ်။ ဇန်နဝါရီမှာ အူဘာမီယန်းကို ရောင်းချခဲ့ပြီး ပက်ဘလိုမာရီ၊ မိတ်လန်နိုင်းစ်တို့ကို အငှားချခဲ့ပါတယ်။

ဒီလုပ်ဆောင်မှုတွေဟာ အသင်းရဲ့လူအင်အားကို နည်းပါးသွားစေခဲ့ကြောင်း အာတီတာက ဝန်ခံခဲ့ပေမယ့် တချို့က အသင်းကနေ ထွက်ခွာဖို့ တွန်းအားပေးနေခဲ့တာကြောင့် သူလုပ်ခဲ့တာကို နောင်တမရနေပါဘူး။

“ ကျွန်တော်တို့အသင်းထဲမှာ ချကိုချရမယ့် ဆုံးဖြတ်ချက်တွေ ရှိခဲ့ပါတယ်။ ကျွန်တော်နဲ့ ကလပ်အတွက်တင်မက ကစားသမားတွေရဲ့ ကောင်းကျိုးအတွက်လည်း ပါပါတယ်။ ကျွန်တော်တို့က မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ဖို့ ကြိုးစားခဲ့တာပါ။

တချို့ ရေရှည်ဒဏ်ရာတွေမှာ ကျွန်တော်တို့ အတော်လေး ကံမကောင်းခဲ့ဘူး။ အဲ့ဒါတွေက အခြေအနေက ပိုပြီးတော့တောင် ခက်ခဲစေခဲ့တာပါ ” လို့ အာတီတာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။