နည်းပြ တန်ဟက် အားကိုးနဲ့ ယူနိုက်တက် ချိန်နေတဲ့ ကစားသမားကို လီဗာပူး က ဝင်ကြိုးစားလာ

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ဟာ အေဂျက် တောင်ပံတိုက်စစ်သမား အန်တိုနီကို အပြိုင်အဆိုင် ချိတ်ဆက် နေကြကြောင်း ဘရာဇီးက သတင်းတွေမှာ ဖော်ပြလာပါတယ်။

အသက် ၂၂ နှစ် အရွယ် ဘရာဇီး လက်ရွေးစင် ကစားသမားဟာ ဒီရာသီမှာ နည်းပြတန်ဟက်ရဲ့ အေဂျက် အသင်းနဲ့ အတူ ထူးချွန်စွာ ခြေစွမ်းပြနေပြီး ၃၃ ပွဲ ပါဝင်ကစားကာ ၁၂ ဂိုး သွင်း၊ ၁ဝ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

ယူနိုက်တက်ဟာ ဆိုးဝါးတဲ့ ဘောလုံးရာသီ အပြီးမှာ တိုက်စစ်ကို အင်အားမြှင့်ဖို့ ကြံရွယ်နေပြီး နည်းပြသစ် တန်ဟက်က သူကိုင်တွယ်ရမယ့် လူစာရင်းမှာ ချက်ချင်း အံဝင်နိုင်မယ့် တပည့်ကျော် အန်တိုနီ ကို ခေါ်ယူစေလိုနေပါတယ်။

တန်ဟက်က အေဂျက်မှာ အန်တိုနီနဲ့ အတူ ၂ ရာသီကြာ လက်တွဲ အလုပ်လုပ်ထားပြီး ဖြစ်ကာ အန်တိုနီ ၂ဝ၂ဝ တုန်းက ဆာပေါ်လိုကနေ ပေါင် ၁၈.၂ သန်းနဲ့ ရောက်လာတည်းကစလို့ အေဂျက်မှာ သိသိသာသာ စွမ်းဆောင်ရည် ကောင်းတွေ ပြသထားပါတယ်။

ယူနိုက်တက်က နည်းပြသစ် တန်ဟက်နဲ့ အချိတ်အဆက် ရှိပြီးသား အန်တိုနီကို ခေါ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဒီတလော သီတင်းပတ်များမှာ လီဗာပူးက ဝင်ရောက် လှုပ်ရှားလာတယ်လို့ သတင်းထွ့်လာပါတယ်။

သတင်းတွေ အဆိုအရ လီဗာပူးအသင်း အပြင် နယူးကာဆယ် ယူနိုက်တက်ကလည်း အန်တိုနီကို ချိတ်ဆက်လာတဲ့ အသင်းတွေထဲ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးမှာ နည်းပြ တန်ဟက်ကတော့ အန်တိုနီကို သူ သဘောကျကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

” အန်တိုနီသာ ထွက်ခွာမယ် ဆိုရင် အေဂျက် အတွက် ဆုံးရှုံးမှု ဖြစ်ပါတယ်။ အသင်းမှာ သူ့နေရာ ဝင် ယူနိုင်တဲ့သူ မရှိပါဘူး။ သူက တကယ့်ထိပ်တန်းအဆင့် ကစားသမားပါ။ ” လို့ ချီးကျူးထားပါတယ်။

အန်တိုနီရဲ့ အေဂျက်နဲ့ လက်ရှိ စာချုပ်က ၂ဝ၂၅ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ၎င်းရဲ့ လက်ရှိ ဈေးကွက် ပေါက်ဈေးက ယူရို ၃၅ သန်း ဝန်းကျင် ရှိနေပါတယ်။