နီဗက်စ်၊ ဒီကလန်ရိုက်စ်၊ အသင်းဟောင်းတွေဆီ ပြန်မယ့် သရဲနီ ၂ဦးနဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ကတော့ ရာသီကြို ပထမဆုံးအသုတ် အဖြစ် ဇွန် ၂၇ ရက်နေ့မှာ ထရိန်နင် ပြန်စရန် လာရောက်ဖို့ ညွှန်ကြားထားပြီ ဖြစ်ပါတယ်။ မန်နေဂျာသစ်ဟာ နွေမှာ အချိန် ရနိုင်သမျှ များများ ယူ လေ့ကျင့်ဖို့ စိတ်ဆုံးဖြတ်ထားပုံပါ။

ယူနိုက်တက်ဟာ ဘိုင်လီနဲ့ ဘစ်ဆာကာ တို့ကို ဒီနွေမှာ အသင်းသစ် ရှာခိုင်းတဲ့ သဘောထားက မပြောင်းလဲသေးဘူး လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ ဘစ်ဆာကာ ကိုတော့ ကမ်းလှမ်းမှုတွေ အပေါ် မူတည်ပြီး ရောင်း၊ မရောင်း နည်းပြ တန်ဟက်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာရူဆန် ရှိစဉ်က အတူ လက်တွဲ အလုပ်လုပ်ခဲ့ဖူးတဲ့ စတိဗ် မက်ကလာရင် ဟာ နည်းပြ တန်ဟက်ရဲ့ လက်ထောက် နည်းပြ တစ်ဦး အဖြစ် မန်ချက်စတာယူနိုက်တက်မှာ တာဝန်ယူတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ပေါလ် ပေါ့ဘာနဲ့ လင်ဂတ်တို့ နှစ်ဦးလုံးဟာ ဒီနွေမှာ အသင်းဟောင်းတွေ ဆီ အသီးသီး ပြန်သွားဖို့ စီစဉ်နေကြပါတယ်။ ပေါ့ဘာက ဂျူဗင်တပ်ကို ပြန်သွားဖွယ် ရှိနေသလို လင်ဂတ်ကလည်း ဝက်စ်ဟမ်းအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ များနေတာပါ။

အင်္ဂလန်သား ကွင်းလယ်သမား ဒီကလန်ရိုက်စ်ဟာ ယူနိုက်တက်ထံ က စိတ်ဝင်စားမှုတွေ ရထားပေမယ့် ဝက်စ်ဟမ်း မှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်ထားကြောင်း Mirror သတင်းက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် တို့ အပြိုင် ချိတ်ဆက်နေတဲ့ ဝုဗ် ကွင်းလယ် ကစားသမား ရူဘန် နီဗက်စ်ဟာ လက်ရှိ ကလပ်နဲ့ နောက်ဆုံးပွဲ ကစားခဲ့ပြီ ဖြစ်ကြောင်း အရိပ်အမြွက် ဖွင့်ဟလိုက်ပြီး နွေမှာ အပြောင်းအရွှေ့ လုပ်ဖို့ လမ်းဖွင့်လိုက်ပါတယ်။

ယူနိုက်တက် ညာစွန်ခံစစ်သမား အေရွန် ဝမ် ဘစ်ဆာကာက အသင်းမှာ သက်တမ်းထပ်တိုးဖို့ လိုလားနေပါတယ်။ ဒါပေမယ့် နည်းပြသစ် တန်ဟက်ရဲ့ အဆုံးအဖြတ် အပေါ် မူတည်နေပါတယ်။

ဖူလ်ဟမ်အသင်းဟာ ဒီနွေမှာ စာချုပ် ကုန်ဆုံးလို့ မန်ချက်စတာ ယူနိုက်တက်ကနေ အလွတ်နဲ့ ထွက်လာမယ့် မာတစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရီးရဲလ်ဆိုဆီဒက် အသင်းဟာ ယူနိုက်တက် ကစားသမားဟောင်း ဖြစ်တဲ့ ဂျာနူဇက် ကို ဒီနွေမှာ အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ကြောင်း တရားဝင် ကြေငြာသွားပါတယ်။