တော်ရဲရားအတွက် ဈေးဆစ် ကမ်းလှမ်းမှု အာဆင်နယ်က ပယ်ချခဲ့လို့ ပတ်ရမ်းနေတဲ့ ဖီအိုရင်တီးနား ဥက္ကဌ

ဖီအိုရင်တီးနား ဥက္ကဌ ရိုကို ကွန်မစ်ဆိုကတော့ အာဆင်နယ် အသင်းထံကနေ လူးကပ် တော်ရဲရား ကို အပြီးသတ် ခေါ်ယူဖို့ လက်မလျှော့သေးဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဖီအိုရင်တီးနား ဟာ တော်ရဲရား အတွက် ဈေးဆစ် ကမ်းလှမ်းကြည့်ပေမယ့် ဂန်းနားတွေက ပယ်ချခဲ့တာပါ။

တော်ရဲရားက စီးရီးအေကလပ်မှာ အငှား လာရောက် ကစားခဲ့ပြီး ဖီအိုရင်တီးနား ကွင်းလယ်မှာ အဓိက အသင်းသား တစ်ဦး အဖြစ် စွမ်းဆောင်ပြခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေး လက်ရွေးစင် ကစားသမားကို ဖီအိုရင်တီးနား က အငှား ခေါ်စဉ်တည်းက ယူရို ၁၅ သန်း (ပေါင် ၁၂.၆ သန်း) နဲ့ ဝယ်ယူခွင့် ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် ဖီအိုရင်တီးနား က ထို ပမာဏထက် နည်းပါးတဲ့ ကမ်းလှမ်းမှု သွားလုပ်ခဲ့ပြီး အာဆင်နယ်က ပယ်ချခဲ့တယ် လို့ တော်ရဲရားရဲ့ အေးဂျင့် ပက်ဘလိုက ဖော်ထုတ် လိုက်ပါတယ်။

သဘောတူထားချက်ကို ဖျက်ပြီး ဈေးသွားဆစ်လို့ ငြင်းခံရတဲ့ ကိစ္စကို ဖီအိုရင်တီးနား ပရိသတ်တွေက အမျက်ထွက်နေပြီး တော်ရဲရားကို အရ ခေါ်ပေးဖိုပ လက်မှတ်ထိုး တောင်းဆိုမှုတွေပါ ပြုလုပ်လာတာကြောင့် အခြေအနေက အနည်းငယ် ပြင်းထန်လာပါတယ်။

အသင်း ဥက္ကဌ ကွန်မစ်ဆို ကတော့ သူတို့ ဈေးဆစ် ကမ်းလှမ်းတာ ပေါ်သွားတာကြောင့် တော်ရဲရားရဲ့ အေးဂျင့် အပေါ် အမျက်ထွက်နေပြီး ကစားသမားကို ခေါ်မယ့် ကိစ္စကိုတော့ လက်မလျှော့သေးကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

” ယူရိုပါကွန်ဖရင့်လိဂ် ကစားခွင့် ရပြီး ၂၄ နာရီ အတွင်း ဖြစ်လာတာတွေကတော့ ကျနော် အတော် စိတ်ပျက်မိတယ်။ ကျနော် ဂတ်တူဆို တုန်းက ကြုံခဲ့သလိုပဲ ပရိသတ် တချို့က ဒီကိစ္စ အပေါ် လက်မှတ်ထိုး တောင်းဆိုမှုတွေ လုပ်လာခဲ့တယ်။ အေးဂျင့်က ဖော်လိုက်လို့ အခြေအနေတွေက ရှုပ်ထွေးကုန်ပြီ။

အေးဂျင့်တွေ အနေနဲ့ ကျနော် ဂတ်တူဆိုတို့ ဗလာဟိုဗစ်တို့နဲ့ ကြုံခဲ့ဖူးပြီး ဒီလို ခြေထိုးကွက်တွေက ကျနော်နဲ့ အလုပ် မဖြစ်ဘူး ဆိုတာ သိစေချင်တယ်။ ကျနော်က အမျက်ထွက်လေ ပိုတင်းမာလေ ဖြစ်လာမှာပဲ။ ဈေးကွက် အကြောင်းတွေ ကျနော် မပြောချင်ဘူး။ အဲဒါတွေ ပြောဖို့ ဒီရောက်လာတာလည်း မဟုတ်ဘူး။

တော်ရဲရားနဲ့ ပတ်သတ်ပြီး လာမယ့် သီတင်းပတ်တွေမှာ ထပ်မံ ကြိုးစားသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် သေချာ ရေရာမှု မရှိသေးဘဲ အခြေအနေ ကောင်းမလား မကောင်းမလား ထုတ် မပြောနိုင်သေးဘူး။ ” လို့ အသင်း ဥက္ကဌ ဖြစ်သူက ပြောဆိုခဲ့ပါတယ်။