ပိုင်ရှင်သစ် လှိုင်းထမ်းပိုးအောက်က ရုန်းထွက်လာပြီး ခေါ်ယူမှုတွေ စတင်တော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းကို ရိုမန် အေဘရာမိုဗစ်ရဲ့ ၁၉ နှစ်ကြာ ပိုင်ဆိုင်မှုဟာ အဆုံးသတ်ခဲ့ပြီဖြစ်ကာ အမေရိကန် လုပ်ငန်းရှင် တော့ဘိုလီက လွဲပြောင်းယူနိုင်ကြောင်းကို ပရီးမီးယားလိဂ်က အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

ဒီအရောင်းအဝယ်အတွက် စုစုပေါင်း ရင်းနှီးမြုပ်နှံမှုဟာ ပေါင် ၄.၂၅ ဘီလျံ တန်ကြေးရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာ ကလပ်အတွက် ပေါင် ၁.၇၅ ဘီလျံ ရင်းနှီးမြုပ်နှံပေးဖို့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။

ပရီးမီးယားလိဂ် ပိုင်ရှင်တွေနဲ့ ဒါရိုက်တာတွေရဲ့ စစ်ဆေးမှုတွေကို ခံယူအပြီးမှာ အပြီးသတ် လုပ်ငန်းစဉ်တွေက တစ်ခုပြီးတစ်ခု ပြီးမြောက်လာတာဖြစ်ပြီး မကြာခင်မှာတော့ ပိုင်ရှင်သစ်နဲ့အတူ ချယ်ဆီးအသင်းက အားကစားလိုင်စင် ရရှိသွားမှာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ တရားဝင် လုပ်ပိုင်ခွင့်တွေကို ရရှိတာနဲ့ တစ်ပြိုင်နက် အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဝင်ဖို့ ပြင်ဆင်ထားပါတယ်။ ရာသီသစ်အတွက် ချယ်ဆီးအသင်းရဲ့ အဓိက ခေါ်ယူမှုတွေဟာ ခံစစ်ပိုင်းဖြစ်လာမယ်လို့ သိထားရတယ်။

ဒီနွေမှာ ချယ်ဆီးဟာ ခရစ္စတန်ဆန်၊ ရူဒီဂါ၊ အလွန်ဆို၊ ကွီတာတို့ကို လက်လွတ်ရမှာမို့ ခံစစ်သမားတွေကို ရှာဖွေနေပြီး ပစ်မှတ်က (၈) ဦးထိ ရှိထားပါတယ်။ သူတို့ထဲမှာတော့ ဆီးဗီးလာမှ ကွန်ဒီနဲ့ လိုက်ဇစ်မှ ယိုစဂို ဂါဗာဒီယိုတို့က ထိပ်ဆုံးက ပါဝင်ပါတယ်။

ဗီလာရီးရဲလ်မှ ပေါလ်တောရက်စ်၊ အက်သလက်တီကိုမှ ဂျီမီးနက်ဇ်တို့ဟာ ချယ်ဆီးပစ်မှတ်တွေထဲမှာ ရှိနေပြီး ဦးစားပေး ပြဿနာကို ဖြေရှင်းပြီးရင်တော့ တူချယ် အလိုရှိတဲ့အတိုင်း ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူပေးပါလိမ့်မယ်။ အဲ့မတိုင်ခင်မှာ ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့ရဲ့ စာချုပ်တွေကို ဖြေရှင်းဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

တိုက်စစ်သမားတွေဖြစ်တဲ့ ဇီယက်စ်၊ ဗာနာ၊ ပူလီဆစ်တို့အတွက် ကမ်းလှမ်းလာမှုတွေ ရှိမယ်ဆိုရင် နားထောင်ပေးမှာဖြစ်သလို ပြန်လည် အစားထိုးဖို့တော့ မန်စီးတီး တောင်ပံသမား စတာလင်ကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတာဖြစ်တယ်။

ရည်ရွယ်ချက်ကြီးတဲ့ ချယ်ဆီးအသင်း ပိုင်ရှင်တွေကို ကလပ်အတွက် အများကြီး ရင်းနှီးမြုပ်နှံပေးဖို့ နည်းပြတူချယ်က တောင်းဆိုထားပြီး ဘယ်လောက် အတိုင်းအတာနဲ့ လုပ်ခွင့်ပေးမလဲ မကြာခင်မှာတော့ ချယ်ဆီးပရိသတ်တွေ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။