အာဆင်နယ်အသင်း ချန်ပီယံလိဂ် မဝင်လို့ နွေပစ်မှတ်ကို လက်လွတ်လိုက်ရတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ဒီနွေမှာ ခေါ်ယူဖို့ ပြင်ဆင်ထားပေမယ့် အာဆင်နယ်အသင်း ချန်ပီယံလိဂ် မဝင်ခြင်းနဲ့အတူ ပျက်ပြယ်ခဲ့တယ်လို့ လန်ဒန်သတင်းဌာနက ဖော်ပြပါတယ်။

ဆွန်ဟာ စပါးအသင်းနဲ့ ၄ နှစ် သက်တမ်းတိုးထားခဲ့ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ဆိုရင် ပြိုင်ဘက်အသင်းဖြစ်ပါစေ သူ့ကို ထွက်ခွာခွင့်ပေးရမှာပါ။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်သမားတစ်ဦးဖြစ်တဲ့ ဆွန်ဟာ ဥရောပရဲ့ ဘယ်ကလပ်မှာမဆို ကစားနိုင်သူအဖြစ် မှတ်ယူထားရသူပါ။

ဆွန်ဟာ ဒီရာသီမှာ ဆာလာနဲ့ ပူးတွဲပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။ ဒီနွေမှာ အဓိက တိုက်စစ်သမား တစ်ဦးကို လက်လွတ်ရနိုင်ခြင်းကြောင့် ပြန်လည် အစားထိုးဖို့ ယာဂင်ကလော့ပ်က ဆွန်ကို သဘောတွေ့ထားခဲ့တာဖြစ်ပါတယ်။

ဆွန်ကို ခေါ်ယူဖို့ဆိုရင် စပါးအသင်းချန်ပီယံလိဂ် မဝင်မှ အခွင့်အရေးရှိမှာဖြစ်ပြီး အာဆင်နယ်နဲ့ စပါးကြား ဥရောပဝင်ခွင့် တိုက်ပွဲမှာ အာဆင်နယ်က အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လီဗာပူးရဲ့ ပစ်မှတ်က အခြားသော တိုက်စစ်သမားတွေထံ ကူးပြောင်းရဖို့ ဖြစ်လာခဲ့ပါပြီ။

စပါးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သလို နည်းပြကွန်တီကို အသင်းမှာ ဆက်ထိန်းထားဖို့လည်း သေချာခဲ့ပါပြီ။ ၎င်းတို့ဟာ ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၁၅၀ ထုတ်မယ်ဆိုတာလည်း အတည်ပြုထားပြီဖြစ်တယ်။

ဒါ့အပြင် စပါးက ကလပ်ရဲ့ အဓိက တိုက်စစ်အတွဲဖြစ်တဲ့ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့ကို လုံးဝ ရောင်းထုတ်မှာ မဟုတ်ဘဲ ထိန်းသိမ်းသွားမှာဖြစ်တယ်။ အချို့သော တိုက်စစ်သမားတွေကိုတော့ ရောင်းထုတ်သွားဖွယ် ရှိပါတယ်။

ဘွန်ဒက်လီဂါမှာ ဒေါ့မွန်မန်နေဂျာအဖြစ် တာဝန်ယူခဲ့စဉ်တည်းက ဆွန်ကို သဘောကျခဲ့တဲ့ ကလော့ပ်ကတော့ ဆွန်ဟာ ထိပ်တန်းကစားသမားဖြစ်ကြောင်း ဝန်ခံထားသေးတာဖြစ်ပါတယ်။