တင်ဘာ ခေါ်ဖို့ ဆွေးနွေးနေခြင်း၊ ဒီဂျောင်၊ မက်ဂွဲရား၊ နာမည်ကြီး အကြံပေးအဖွဲ့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲမှု ဖွဲ့စည်းပုံတွေကို နာမည်ကြီး အကြံပေးအဖွဲ့အစည်း ဖြစ်တဲ့ Korn Ferry အဖွဲ့အား ငှားရမ်းပြီး စိစစ်စေတော့မှာ ဖြစ်ပါတယ်။

ဒီနွေ အပြောင်းအရွှေ့ကာလမှာ ခံစစ်မှုး ဟယ်ရီ မက်ဂွဲရား ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ လက္ခဏာ မရှိကြောင်း သတင်းထောက် ရိုမန်နို က ဆိုထားပါတယ်။ အင်္ဂလန်သားဟာ နည်းပြသစ် တန်ဟက် ရဲ့ ယူနိုက်တက် လူစာရင်းမှာ အဓိက ကစားသမား အဖြစ် နေရာရဖွယ် ရှိပါတယ်။

ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုတွေနဲ့ ပတ်သတ်ပြီး ဘာစီလိုနာ အကြီးအကဲတွေက သူ့ကို အကြောင်းမကြားလာသေးဘူး လို့ ဒီဂျောင်က ဖွင့်ဟလိုက်ပြီး သူ့သဘောထားကတော့ ဘာစီလိုနာမှာပဲ ကစားလိုကြောင်း ပြောဆိုခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်က သူတို့ ကစားသမားဟောင်း ဝမ် ဘစ်ဆာကာ ကို ဒီနွေမှာ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်ကလည်း အငှားနဲ့ ဖြစ်ဖြစ် ထွက်ခွာခွင့် ပြုဖွယ် ရှိပါတယ်။

ဒီကလန်ရိုက်စ်ရဲ့ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့မယ့် ကိစ္စက ဝက်စ်ဟမ်း တောင်းဆိုတဲ့ ပေါင် သန်း ၁ဝဝ ကို ပေးလိုခြင်း ရှိ မရှိ အပေါ်ပဲ အဓိက မူတည်တယ်လို့ ESPN က ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဈေးကွက်ထဲ လှုပ်ရှားမှုတွေ ရှိနေပြီး ခံစစ်မှုး ဂျာရီယန် တင်ဘာ ကို ခေါ်ယူနိုင်ခြေနဲ့ ပတ်သတ်ပြီး အေဂျက်နဲ့ ချိတ်ဆက် ပြောဆိုမှုတွေ စတင်ထားပြီ လို့ The Times သတင်းက ဆိုပါတယ်။

လာမယ့် ရာသီမှာ ယူနိုက်တက်ရဲ့ အကြံပေး ရာထူးကို ယူဖို့ ယခင် သဘောတူထားပေမယ့် အစီအစဉ်ကို ဖျက်သိမ်းကာ ထွက်ခွာခဲ့ခြင်း အပေါ် ရန်းနစ်က အသင်းဘက်ရော သူ့အတွက်ပါ အကောင်းဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက် လို့ မှတ်ချက်ပြုခဲ့ပါတယ်။