လီဗာပူးအသင်းဟာ ဒီနွေမှာ ဆာဒီယို မာနေးကို ဆုံးရှုံးရဖွယ် ရှိနေလို့ အစားထိုးနိုင်ဖွယ် ကစားသမား ရှာဖွေနေရာ ဝက်ဖို့ဒ်မှ ဂျာအို ပက်ဒရို ကို မျက်စိကျနေကြောင်း သတင်း ထွက်လာပါတယ်။ အသက် ၂ဝ အရွယ် ဘရာဇီးသားဟာ ၂၀၂၀ ဇန်နဝါရီကမှ ဝက်ဖို့ဒ်ထံ ရောက်လာတာ ဖြစ်ပြီး လက်ရှိစာချုပ်မှာ ၃ နှစ် ကျန်ရှိနေပါသေးတယ်။
မန်ချက်စတာ ယူူနိုက်တက်ဟာ အသင်းနဲ့ စာချုပ် ကုန်ဆုံးတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ထွက်ခွာခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ချိတ်ဆက်နေတဲ့ အေဂျက် ခံစစ်မှုး ဂျူရီယန် တင်ဘာ က နွေမှာ အသင်းပြောင်းရွှေ့ဖို့ မသေချာသေးကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အေဂျက်ကနေ ထွက်ခွာမယ် ဆိုရင် ချန်ပီယံလိဂ် ကစားခွင့်နဲ့ ပုံမှန် ပွဲကစားနေရတာကိုပါ လက်လွှတ်ရမှာ ဖြစ်နေကြောင်း ၎င်းက ဆိုပါတယ်။
လီဗာပူးနဲ့ စာချုပ် တစ်နှစ်သာ ကျန်တဲ့ တိုက်စစ်မှုး မိုဟာမက် ဆာလာ က သက်တမ်းတိုးဖို့ သဘောတူညီမှု မရလို့ အသင်း ပြောင်းရွှေ့မယ် ဆိုရင် ပရီးမီးယားလိဂ် ကလပ် တစ်သင်းသင်းကိုပဲ ပြောင်းလိုနေကြောင်း The Athletic သတင်းက ဆိုပါတယ်။ လီဗာပူးဘက်က အီဂျစ်သားကို ဆက်ထိန်းထားလိုနေပေမယ့် စာချူပ်သစ် အတွက် အခုထိ သဘောတူညီမှု မရသေးပါဘူး။
ပဲလေ့စ်မှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး လူငယ်ကြယ်ပွင့် ကေ်ာနာ ဂလယ်ဟား က မိခင်ကလပ်ထံ ပြန်တော့မှာ ဖြစ်လို့ ခရစ္စတယ်ပဲလေ့စ် ပရိသတ်တွေအား နှုတ်ဆက်စကား ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ရူဘန် လော့ဖ်တပ်ချိခ်ကို ခေါ်ယူဖို့ လာဇီယို အသင်းက စိတ်အား ထက်သန်နေကြာင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ လော့ဖ်တပ်ချိခ်ကို ချယ်ဆီးက ယူရို သန်း ၂ဝ ရရင် ရောင်းချလိုနေပြီး ၎င်းက လာဇီယိုမှာ တစ်နှစ် ယူရို ၄သန်း လစာ ရရှိဖွယ် ရှိပါတယ်။
လီဝန်ဒေါစကီး ကို လက်လွှတ်ရဖွယ် ရှိတဲ့ ဘိုင်ယန်မြူးနစ်ဟာ အစားထိုးမယ့် တိုက်စစ်မှုး အဖြစ် မန်စီးတီးမှ ရာဟင်း စတားလင်းကို ပစ်မှတ်ထားလာပါတယ်။ အင်္ဂလန်သားကို ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း မျက်စိကျနေပါတယ်။
ဝေးစ်တောင်ပံတိုက်စစ်သမား ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာပြီ ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ပြီး နှုတ်ဆက်စကား ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။
