ဆာဂျီနိုဒက်စ်၊ စတားလင်း၊ မိုဆာလာ၊ ဥရောပကို ကိုင်လှုပ်မယ့် မာရီနာနဲ့ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်း ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ မာရီနာ က ဒီနွေမှာ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် သန်း ၂ဝဝ ကို စီမံ သုံးစွဲပြီးမှသာ လန်ဒန်ကလပ်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။ မာရီနာက သူမ နောက်ဆုံး ကိုင်တွယ်ရတဲ့ ဒီနွေကာလမှာ ဥရောပတခွင် တုန်လှုပ်စေတဲ့ ခေါ်ယူမှုတွေ ပြုလုပ်ဖို့ အားခဲထားပါတယ်။

ချယ်ဆီးအသင်းဟာ ဘာစီလိုနာ အစွန်ခံစစ်သမား ဆာဂျီနို ဒက်စ်ကို ခေးယူဖို့ စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။ နူးကမ့်မှာ ဒက်စ် ခြေစွမ်းကို ဝေဖန်မှုတွေ ရှိနေပေမယ့် ကစားသမားကတော့ ဘာစီလိုနာမှာ ဆက် ကစားလိုနေပါတယ်။

ဘာစီလိုနာကလည်း ချယ်ဆီးမှ အလွန်ဆို၊ ကွီတာ တို့ကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ချယ်ဆီးအသင်း ဘက်က အမေရိကန် ခံစစ်မှုး ဒက်စ်နဲ့ အလဲအထပ် ကစားသမား တစ်ယောက် ထည့်သွင်း ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။

ချယ်ဆီး ကွင်းလယ် ကစားသမား မေဆန်မောင့် ကို မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးနဲ့ ဘာစီလိုနာ အသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

မောင့်ဟာ ချယ်ဆီးမှာ အဓိက အသင်းသား ဖြစ်ပေမယ့် လစာ အနည်းဆုံး ရရှိသူလည်း ဖြစ်နေတာကြောင့် လုပ်ခလစာ တိုးမြှင့်ပြီး သက်တမ်းတိုး စာချုပ်သစ် ချုပ်ဖို့ ချယ်ဆီးက ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် အသင်း ပိုင်ရှင် အကူးအပြောင်း ကိစ္စတွေကြောင့် ဆွေးနွေးမှု ရပ်တန့်နေခဲ့ပြီး ပြန် မစတင်ရသေးဘဲ ရှိနေတာပါ။

အမေရိကန် အသင်းနဲ့ အတူ ရှိနေတဲ့ ချယ်ဆီး တောင်ပံတိုက်စစ်သမား ပူလီဆစ်က ကလပ်အသင်းမှာ ပွဲကစားချိန် ပိုမို ရရှိလိုကြောင်း ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှုး မိုဆာလာ က လက်ရှိကလပ်နဲ့ သက်တမ်းတိုး စာချုပ် အဆင် မပြေရင် ပရီးမီးယားလိဂ်က အခြားကလပ် တစ်သင်းသင်းကိုပဲ ပြောင်းရွှေ့ လိုနေပါတယ်။ အီဂျစ်သား ပြောင်းဖို့ အဖြစ်နိုင်ဆုံး ကလပ်တွေကတော့ ချယ်ဆီးနဲ့ မန်စီးတီးတို့ပဲ ရှိနေပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ရူဘန် လော့ဖ်တပ် ချိခ် ကို ခေါ်ယူဖို့ လာဇီယို အသင်းက စိတ်အား ထက်သန်နေကြောင်း အီတလီ သတင်းတွေ့ ဖော်ပြလာပါတယ်။ လော့ဖ်တပ်ချိခ်ကို ချယ်ဆီးက ယူရို သန်း ၂ဝ ရရင် ရောင်းချလိုနေပြီး ၎င်းက လာဇီယိုမှာ တစ်နှစ် ယူရို ၄ သန်း လစာ ရဖွယ် ရှိပါတယ်။

ပဲလေ့စ်မှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး လူငယ်ကြယ်ပွင့် ကော်နာ ဂလယ်ဟား က မိခင်ကလပ်ထံ ပြန်တော့မှာ ဖြစ်လို့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ပရိသတ်တွေအား လူမှုကွန်ယက်ကနေ နှုတ်ဆက် စကား ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီး တိုက်စစ်မှုး ရာဟင်း စတားလင်းကို ခေါ်ယူလိုတဲ့ ကလပ် အသင်းတွေထဲ ချယ်ဆီးအသင်းလည်း ပါဝင်လာပါတယ်။ အင်္ဂလန်သားကို ချယ်ဆီး အပြင် ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် တို့ကလည်း မျက်စိ ကျနေတာပါ။