ဒီရာသီ PFA ဆုအတွက် ဆန်ကာတင်စာရင်းမှာ မပါဝင်သင့်တဲ့ ကစားသမားကို ဘာဘာတော့ဗ် ရွေးထုတ်

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဒီရာသီ PFA တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ ဆွန်မပါလာခြင်းအတွက် ဝေဖန်မှု ပြုလုပ်သွားပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းမှာ ဒီဘရိုင်း (မန်စီးတီး)၊ ဗန်ဒိုက် (လီဗာပူး)၊ ဟယ်ရီကိန်း (စပါး)၊ မာနေး (လီဗာပူး)၊ ဆာလာ (လီဗာပူး) နဲ့ ရော်နယ်ဒို (ယူနိုက်တက်) တို့ ပါဝင်နေတာပါ။

ပရော်ဖက်ရှင်နယ် ကစားသမားတွေကိုယ်တိုင် မဲပေးရွေးချယ်မယ့် ဒီဆုဟာ အင်္ဂလန်မှာတော့ အမြင့်ဆုံးအဆင့် တစ်ဦးချင်း အကောင်းဆုံးဆုပဲ ဖြစ်ပါတယ်။ ဒီစာရင်းမှာ ကိန်းထက်စာရင် ဆာလာနဲ့ ရွှေဖိနပ် ပူးတွဲဆုရ ဆွန်ယောင်မင်က ပါဝင်သင့်တာပါလို့ ဘာဘာတော့ဗ်က မှတ်ချက်ပေးခဲ့တယ်။

ဒီစာရင်းထဲမှာ ဆွန်ယောင်မင် မပါဝင်ဘဲ ဟယ်ရီကိန်း ပါဝင်လာတာကို ပရီးမီးယားလိဂ် ပရိသတ်တွေက များစွာ ဝေဖန်ခဲ့ကြတယ်။ အချို့ဆိုရင် ဆွန်ဟာ အာရှသားဖြစ်နေတာကြောင့် ဒီစာရင်းထဲ ထည့်သွင်းခြင်း မခံရတာလို့ ပေါ်ပေါ်တင်တင် စွပ်စွဲခဲ့ကြပါတယ်။

” ဒီရာသီမှာ ကိန်းထက် ဆွန်က ပိုကောင်းပါတယ်။ တခါတလေမှာ ကြယ်ပွင့်ဘေးက ကစားသမားက ကျနော်တို့ ကျော်ကြည့်တတ်ကြပေမယ့် ဆွန်လုပ်ခဲ့တဲ့ အခိုက်အတန့်တွေ သွင်းဂိုးတွေက မယုံနိုင်စရာပါ။ သူလုပ်ခဲ့တာတွေအတွက် ဆွန်ကို အသိအမှတ်ပြုကြဖို့ လိုအပ်ပါမယ်။

ကိန်းရဲ့ လှောင်ရိပ်ကနေ ဆွန် ဖောက်ထွက်လာနိုင်တာကို ကျနော် ပျော်ရွှင်မိပါတယ်။ သူက ဒီရာသီ အကောင်းဆုံးအသင်းမှာ ပါဝင်တဲ့ ကစားသမားပါ ” လို့ စပါးတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ဟာ PFA အကောင်းဆုံးဆု ဆန်ကာတင်စာရင်းမှာ မပါဝင်တာက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အနီးစပ်ဆုံးအဖြစ် ၂၀၂၀ တုန်းက ရွှေဖိနပ်ဆုရခဲ့တဲ့ ဗာဒီဟာ PFA အတွက် ဆန်ကာတင်စာရင်းထဲ မပါခဲ့ဖူးတာဖြစ်ပါတယ်။