ဒီဂျောင်းအတွက် ဈေးတိုးမြှင့်ပေးထားတဲ့ ဒုတိယမြောက် ကမ်းလှမ်းမှု ပေးပို့မယ့် ယူနိုက်တက်

ယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်းအတွက် အပြောင်းအရွှေ့ ကမ်းလှမ်းမှု စတင်ခဲ့ပေမယ့် စပိန်ကလပ်က ပထမအကြိမ် ကမ်းလှမ်းမှုကို ချက်ခြင်း ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ပထမဆုံး ကမ်းလှမ်းမှုက ပေါင် သန်း ၆၀ ဝန်းကျင်ရှိတယ်လို့ သိရပြီး ပယ်ချခံခဲ့ရပါတယ်။ ဘာစီလိုနာဟာ နည်းပြဇာဗီအတွက် အသင်းကို ပြန်လည် တည်ဆောက်မှု လုပ်ပေးဖို့မှာ ဒီဂျောင်းအတွက်ရမယ့် ပြောင်းရွှေ့ကြေးကနေ ကစားသမား ခေါ်ယူမှုတွေ လုပ်ပေးရမှာပါ။

ယူနိုက်တက်ထံကနေ ဒီဂျောင်းအတွက် ယူရို သန်း ၁၀၀ လောက်တော့ မရနိုင်ဘူးဆိုတာ ဘာစီလိုနာဘက်က နားလည်ထားတယ်။ ဒါပေမယ့် နယ်သာလန်သား ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံး ပေါင် ၇၅ သန်းလောက်ထိကို ဘာစီလိုနာက ရလိုနေပါတယ်။

ကလပ်နှစ်သင်းကြား တိုက်ရိုက် စကားပြောနေကြပြီဖြစ်ကာ ယူနိုက်တက်နည်းပြ တန်ဟက်က ဒီနွေမှာ ကွင်းလယ်လူသစ် တစ်ဦး ခေါ်ယူရေးကို ဦးစားပေးအဖြစ် ရွေးချယ်ထားတာဖြစ်တယ်။ ဒီဂျောင်းကို ခေါ်ယူခြင်းနဲ့အတူ ယူနိုက်တက်ကို ပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

တန်ဟက်က ယူနိုက်တက်မှာ ဖန်တီးနိုင်စွမ်းရှိတဲ့ ပေးမှုတွေ လုပ်နိုင်သူမျိုး မရှိတာက အားနည်းချက်လို့ မြင်ပါတယ်။ ဒီအတွက် ဟန်ချက်ညီမယ့် ကစားသမားအဖြစ် ဒီဂျောင်းကို ရလိုနေတာပါ။ သူတို့ နှစ်ဦးဟာ အေဂျက်မှာ အတွဲညီခဲ့သလို ဗန်ဒီဘိခ်ကလည်း ယူနိုက်တက်မှာ နေရာတစ်နေရာအတွက် စိန်ခေါ်ခွင့်ရမှာဖြစ်တယ်။

ပေါ့ဘာနဲ့ မာတစ်တို့ကို ထွက်ခွင့်ပေးထားတဲ့နောက် တန်ဟက်မှာ ကွင်းလယ် ရွေးချယ်စရာအဖြစ် တော်မီနေး၊ ဖရတ်နဲ့ ဗန်ဒီဘိခ်တို့ပဲ ကျန်ရှိတော့တာဖြစ်တယ်။ သူတို့ သုံးဦးက မတူညီတဲ့ အရည်အချင်းတွေ ရှိပေမယ့် ဒီဂျောင်းက ခြားနားစွာနဲ့ ဦးဆောင်နိုင်မယ့် ကွင်းလယ်လူအဖြစ် တန်ဟက်က မြင်ပါတယ်။

ယူနိုက်တက်နဲ့ ဒီဂျောင်းကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရဖို့က ပြဿနာ မဟုတ်တဲ့ အခြေအနေဖြစ်ပါတယ်။ သို့ပေမယ့် ဒီဂျောင်းကို ခေါ်ယူရေး အဆင်မပြေရင် အခြားသော ပစ်မှတ်တွေအတွက်လည်း ယူနိုက်တက်ဘက်က အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။