ဝက်စ်ဟမ်းအသင်းဟာ ဒီနွေမှာ လင်ဂတ်ကို ခေါ်ယူဖို့ ငွေကြေး အင်အားဖြည့်တဲ့ အနေနဲ့ ဘန်ရာမာကို ရောင်းချဖို့ ပြင်ဆင်နေကြောင်း လန်ဒန်သတင်းဌာနက ဖော်ပြလာပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းမှာ အငှား လာကစားစဉ်က ကောင်းစွာ ခြေစွမ်းပြခဲ့သူပါ။
ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ ချယ်ဆီးတို့ အပါအဝင် ခေါ်ချင်တဲ့ ကလပ်တွေ များစွာ ရှိနေပေမယ့် လိုက်ပ်ဇစ် ကွင်းလယ် တိုက်စစ်သမား အန်ကွန်းကူ က လက်ရှိကလပ်နဲ့ ပဲ သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုတော့မယ် လို့ သိရပါတယ်။ စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၅ဝ လည်း ပါဝင်မှာ ဖြစ်ပြီး နောက်ဈေးကွက်တွေမှ အသက်ဝင်မှာပါ။
မန်ချက်စတာ စီးတီးဟာ တိုက်စစ်မှုး စတားလင်းသာ ဒီနွေမှာ အသင်းကနေ ထွက်ခွာချင်တယ် ဆိုရင် ပိတ်ပင် တားဆီးမှာ မဟုတ်ဘဲ သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ အင်္ဂလန်သားကို ချယ်ဆီးက အလေးအနက် ချိတ်ဆက်နေပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား အဆန်စီယို ကို ခေါ်ယူဖို့ အာဆင်နယ်က ချိတ်ဆက်နေသလို မန်ချက်စတာ ယူနိုက်တက် ကလည်း ကစားသမား အေးဂျင့်နဲ့ ဆက်သွယ်နေကြောင်း စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ စပိန် လက်ရွေးစင် ကစားသမားဟာ ဒီနွေမှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ များနေပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၂၃ နွေမှာ မက်ဆီ အလွတ်နဲ့ ပြန်လာမယ် ဆိုရင် ငြင်းဆန်မှာ မဟုတ်ဘဲ ခေါ်ယူသွားဖို့ ရှိနေတယ် လို့ ESPN သတင်းက ဆိုပါတယ်။ မက်ဆီက ပီအက်စ်ဂျီနဲ့ စာချုပ် ၁၂ လ သာ ကျန်ရှိပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ကုန်ဆုံးလို့ အသင်းသစ် ရှာဖွေနေတဲ့ ဂါရတ်ဘေးလ်ဟာ မော်ရင်ညို ထံ ဆက်သွယ်ခဲ့ပြီး ရိုးမားထံ လာဖို့ မေးမြန်းထားတယ်လို့ သိရပါတယ်။ ဝေးစ် လက်ရွေးစင် ကစားသမားဟာ စပါးမှာ အငှား ပြန်လာ ကစားစဉ် မော်ရင်ညိုနဲ့ လက်တွဲခဲ့ဖူးပါတယ်။

ဒိန်းမတ်ကွင်းလယ် ကစားသမား ခရစ္စတီယန် အဲရစ်ဆန် ဟာ အသင်းကနေ ထွက်ခွာမယ့် စာရင်းထဲမှာ ပါဝင်နေပေမယ့် ဘရန့်ဖို့ဒ်ကတော့ သက်တမ်းတိုး ခေါ်ယူထားနိုင်ဦးမယ် လို့ ယုံကြည်နေပါတယ်။ ၎င်းကို အသင်းဟောင်း စပါးအသင်းက ချိတ်ဆက်နေပြီလို့ သတင်းထွက်နေပါတယ်။
ဂျူဗင်တပ်နဲ့ စာချုပ်ကုန်ဆုံးသွားပြီ ဖြစ်တဲ့ ဒိုင်ဘားလားဟာ ဖရီးအေးဂျင့် ကစားသမား ဖြစ်သွားပြီ ဖြစ်ပြီး အသင်းသစ် ရှာဖွေနေရာမှာ အင်တာမီလန်နဲ့ ၃နှစ် စာချုပ် ချုပ်ဆိုတော့မယ်လို့ GOAL သတင်းက ဖော်ပြလာပါတယ်။ အာဂျင်တိုင်းသား တိုက်စစ်သမားကို ဥရောပကလပ်အသင်း တော်တော်များများ ချိတ်ဆက်နေပေမယ့် ၎င်းက အီတလီမှာ ဆက်နေဖို့ ရွေးချယ်ထားတာပါ။
ဖူလ်ဟမ်အသင်းဟာ လီဗာပူး တိုက်စစ်သမား မီမာမီနို ကို ခေါ်ယူရေးမှာ လိဒ်စ် ကို ကျော်ဖြတ်ပြီး အသာရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဂျပန်လက်ရွေးစင် ကစားသမားအတွက် လီဗာပူးက ပေါင် ၁၇ သန်း ပြောင်းရွှေ့ကြေး အလိုရှိနေပါတယ်။
