ယူရို ၂၅ သန်းတန် ကွင်းလယ်လူက ယူနိုက်တက်ကို ပြောင်းဖို့ ဘာလို့ ငြင်းရသလဲ ရှင်းပြ

မန်ချက်စတာယူနိုက်တက်ထံက ကမ်းလှမ်းမှုရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ထံ ပြောင်းဖို့ကိုပဲ ရွေးချယ်ခဲ့ကြောင်းကို ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်က ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

အေဂျက်ကနေ ပေါင် ၂၁ သန်းနဲ့အတူ ဘွန်ဒက်လီဂါကလပ်ကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူကို ခေါ်ယူဖို့ ဒီနွေမှာ ယူနိုက်တက်က ချိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် နည်းပြတန်ဟက်ဟာ အေဂျက်အသင်းမှာ သူနဲ့ အတွဲညီခဲ့တဲ့ ကွင်းလယ်လူကို ချိတ်ဆက်ရေး မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ကော နည်းပြ တန်ဟက်နဲ့ပါ စကားပြောခဲ့ပေမယ့် အပြောင်းအရွှေ့ကိစ္စ ပယ်ချခဲ့တာကတော့ ဘိုင်ယန်မြူးနစ်ထံ ပြောင်းမယ်လို့ ကတိပေးပြီးသား ဖြစ်နေခဲ့လို့ပါလို့ နယ်သာလန်သား ကွင်းလယ်လူက ရှင်းပြပါတယ်။

ဂရာဗန်ဘာ့ချ်က ယူနိုက်တက်ဟာ သိပ်ကောင်းတဲ့ ကလပ်ဖြစ်ပါတယ်လို့ လေးလေးစားစား သုံးနှုန်းခဲ့ပြီး အပြောင်းအရွှေ့ ချိတ်ဆက်ခံရကြောင်းကို အတည်ပြုခဲ့ပါတယ်။

‘ မန်ချက်စတာယူနိုက်တက်ဟာ အသင်းကြီးတစ်သင်းဖြစ်သလို သိပ်ကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်က ဘိုင်ယန်မြူးနစ်ထံ ပြောင်းဖို့ပဲ ကောင်းမွန်တဲ့ ခံစားချက် ရှိနေခဲ့ပြီး သူတို့ကိုလည်း ကတိပေးထားပြီး ဖြစ်နေလို့ပါ ‘ လို့ ဂရာဗန်ဘာ့ချ်က ရှင်းပြခဲ့ပါတယ်။

အေဂျက်အသင်းရဲ့ အရည်အချင်း အရှိဆုံး ထုတ်ကုန်လို့ နာမည်ကောင်းရခဲ့တဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ နယ်သာလန် အမှတ်ပေးလိဂ်ကို ၃ ကြိမ် အနိုင်ရခဲ့ကာ တန်ဟက် လက်အောက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ချက်စတာထံ သူ့ကို ခေါ်ယူဖို့ တန်ဟက်က ကြိုးစားခဲ့တာဖြစ်တယ်။

ကွင်းလယ်လူတွေဖြစ်တဲ့ ပေါ့ဘာ၊ မာတစ်၊ မာတာ၊ လင်ဂတ်တို့ကို ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွတ်ထားရပြီဖြစ်လို့ နည်းပြသစ်တန်ဟက်ဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ အတော်လေး အလေးပေးနေပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူနဲ့ အေဂျက် ကွင်းလယ်လူဟောင်း ဒီဂျောင်းဟာ ဒီနွေမှာ ယူနိုက်တက်ထံ ပြောင်းလာနိုင်တယ်လို့ သိထားရပြီး အခုချိန်ထိတော့ ပြောင်းရွှေ့ကြေး ညိနှိုင်းနေဆဲဖြစ်ပါတယ်။