ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဘယ်စွန်ခံစစ်သမား ဖာလန်း မန်ဒီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅ဝ တောင်းဆိုနေတယ်လို့ သိရပါတယ်။ ပြင်သစ် ကစားသမားကို ယူနိုက်တက် အပြင် ချယ်ဆီးကလည်း စိတ်ဝင်စားနေပါတယ်။
အာဆင်နယ်အသင်းဟာ ဂိုးသမား လီနို ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ဘာစီလိုနာ ဂိုးသမား နီတို ကို အငှားနဲ့ ခေါ်ယူလိုလာကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အာတီတာ က ရမ်ဆေးကို ကူနိုင်မယ့် ဝါရင့် ဂိုးသမား တစ်ဦး ခေါ်ယူလိုနေတာပါ။
မန်ချက်စတာစီးတီးဟာ လိဒ်စ် ကွင်းလယ်ကစားသမား ကယ်ဗင်ဖိလစ်ကို ခေါ်ယူရေး အရှိန်မြှင့်လာနေပြီ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ စီးတီးရဲ့ ကွင်းလယ် အဓိက ပစ်မှတ် ဖြစ်နေပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ ဘရိုက်တန် ကစားသမား ဘစ်ဆိုမာ ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ The Times သတင်းက ဖော်ပြလာပါတယ်။
ယူနိုက်တက်ဟာ ဒီနွေမှာ ဘာစီလိုနာ ကွင်းလယ်သမား ဒီဂျောင်ကို အလေးအနက် ချိတ်ဆက်နေပေမယ့် ဆွေးနွေးမှုများ အဆင်မပြေတော့ရင် နောက်ဆုတ်တော့မှာ ဖြစ်တယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြလာပါတယ်။
ဘင်ဖီကာ တိုက်စစ်မှုး ဒါဝင် နူနက်ဇ်ကတော့ ဒီနေ့ညနေပိုင်းမှာ လီဗာပူးအသင်းရဲ့ အက်ဆာ ထရိန်နင်ကွင်း သို့ ရောက်လာတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပြီး ဆေးစစ်မှုခံယူကာ အပြောင်းအရွှေ့ကို မကြာခင် အတည်ပြု ကြေညာကြဖွယ် ရှိပါတယ်။
ဂျူဗင်တပ် ခံစစ်မှုး ဒီလစ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရေဒါထဲ ပြန်ပါဝင်လာတယ် လို့ အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ နယ်သာလန် လက်ရွေးစင် ကစားသမားကို အေဂျက်မှာတည်းက ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး တန်ဟက် နည်းပြ ဖြစ်လာချိန်မှာ ထပ်မံ ကြိုးစားလာပုံပါ။
လိဒ်စ် ကစားသမား ရာဖင်ဟာရဲ့ ဘာစီလိုနာသို့ ပြောင်းရွှေ့မှုဟာ ဒမ်ဘီလီ နူးကမ့်ကနေ ထွက်ခွာမလား ဆိုတဲ့ အပေါ် မူတည်နေပြီ ဖြစ်ပါတယ်။ ဘရာဇီးသားက ဘာစီလိုနာရဲ့ တရားဝင် ကမ်းလှမ်းမှုကို စောင့်နေတာ ဖြစ်ပေမယ့် ကတ်တလန်ကလပ်က ဒမ်ဘီလီကိစ္စ အရင် ဖြေရှင်းလိုနေပါတယ်။
