ချိန်တိုင်းပါနေလို့ တစ်ပြိုင်တည်း ကစားသမား ၃ ယောက် ချိန်ရွယ်လာတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက် လှုပ်ရှားမှုတွေ ပြုလုပ်နေပေမယ့် အခုချိန်ထိတော့ ခေါ်ယူမှုတွေ လုပ်လာနိုင်ခြင်း မရှိသေးပါဘူး။

နွေဈေးကွက် အစပိုင်းမှာ တိုက်စစ်မှူး နူးညက်စ်၊ ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်တို့ကို ချိတ်ဆက်ပေမယ့် နူးညက်စ်က လီဗာပူးကို ရွေးချယ်ခဲ့တယ်။ ဂရာဗန်ဘာ့ချ်ကတော့ မန်ချက်စတာ ယူနိုက်တက်က ကလပ်အသင်းကြီး ဆိုပေမယ့် ကတိစကားရှိလို့ ဘိုင်ယန်မြူးနစ်ကို ရွေးချယ်တာပါလို့ ဖွင့်ဟခဲ့ပြီး ယူနိုက်တက်ကို ငြင်းဆန်သွားခဲ့တာဖြစ်တယ်။

မန်ချက်စတာ ယူနိုက်တက်က နည်းပြတန်ဟက်ရဲ့ တပည့်ဟောင်းဖြစ်တဲ့ ခံစစ်မှူး တင်ဘာကို ချိတ်ဆက်မှုတွေ လုပ်ခဲ့သေးဟန်ရှိပါတယ်။ အင်္ဂလန်လိဂ်ထံ ပြောင်းရွှေ့ဖို့ မေးခံရချိန်မှာ တင်ဘာက ပုံမှန်ပွဲထွက်ခွင့် ရလိုကြောင်းနဲ့ ချန်ပီယံလိဂ်မှာ ပါဝင်ကစားလိုသေးတယ်လို့ ဆိုထားတာဖြစ်ပါတယ်။

မန်ချက်စတာကလပ် တာဝန်ရှိသူတွေက နွေခေါ်ယူမှုသစ်တွေအတွက် ဆက်လက် ကြိုးစားနေဆဲဖြစ်ကာ လက်ရှိမှာ အဓိက ပစ်မှတ်အဖြစ် ဒီဂျောင်း အပြင် အဲရစ်ဆန်နဲ့ အန်တိုနီတို့ကို လိုက်နေကြောင်း စကိုင်းစပေါ့က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်က ဒီဂျောင်းအတွက် ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး ညိနှိုင်းနေပေမယ့် တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးပါဘူး။ ယူနိုက်တက်က ကနဦး ယူရို သန်း ၆၀ နဲ့ ထပ်တိုးကြေး ယူရို ၁၀ သန်းပေးဖို့ နှုတ်အားဖြင့် ကမ်းလှမ်းမှုကို ယူရို ၈၅ သန်း အနည်းဆုံးရလိုတဲ့ ဘာစီလိုနာက ငြင်းဆန်ထားတာဖြစ်တယ်။

ဦးစားပေး ပစ်မှတ်အဖြစ် ဒီဂျောင်းကို ခေါ်ယူနိုင်ရေး ဆက်လက် ကြိုးစားနေပေမယ့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် အဲရစ်ဆန်အတွက်လည်း ယူနိုက်တက်ဘက်က စတင်လာနေပြီဖြစ်တယ်။

အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ ဒီနွေမှာ ဘရန့်ဖိုဒ့်ကနေ ထွက်ခွာထားတာဖြစ်ပြီး သူ့ကို ကမ်းလှမ်းတဲ့ ကလပ်တွေထဲ ယူနိုက်တက် ပါဝင်သွားခဲ့တာပါ။ ကစားသမားဘက်ကတော့ ကမ်းလှမ်းမှုတွေကို ရွေးချယ်နေဆဲဖြစ်ပါတယ်။

အေဂျက် တိုက်စစ်သမား အန်တိုနီအတွက်တော့ ယူနိုက်တက်က ကနဦး စုံစမ်းမှုတွေ စတင်ခဲ့တယ်လို့ သိရတာဖြစ်တယ်။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေ စတင်သေးခြင်း မရှိသေးဘဲ ကွင်းလယ်ပစ်မှတ်တွေကိုပဲ အရင်ဆုံး ကြိုးစားမှာဖြစ်ပါတယ်။

မန်နေဂျာတန်ဟက်က ရာသီကြို ပြင်ဆင်မှု အစမှာတင် လူစာရင်း အပြည့် ရလိုနေမှာမို့ လာမယ့် အပတ်တွေမှာ အပြောင်းအရွှေ့ကိစ္စ ထူးခြားသတင်းတွေ ထွက်ပေါ်လာဖို့ ရှိနေတာဖြစ်ပါတယ်။