ယူနိုက်တက်ရဲ့ ပွဲဦးထွက် ဖြစ်မယ့် ခေါ်ယူမှု၊ ချယ်ဆီး ခံစစ်ပစ်မှတ်၊ လူကာကူ၊ ဂျေးဆုတို့နဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေ နည်းပြ တန်ဟက် လက်ထက် ပထမဆုံး ခေါ်ယူမှု ကို ပြုလုပ်နိုင်ဖို့ နီးစပ်နေပြီ လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အေဂျက် တောင်ပံတိုက်စစ်သမား အန်တိုနီ ကို ခေါ်ယူနိုင်တော့မယ် လို့ သတင်း ထွက်လာပါတယ်။

ချယ်ဆီးအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ လီဂူးဝမ်းကလပ် လန်းစ် မှ ညာစွန် ခံစစ်သမား ဂျိုနသန် ကလပ်စ် ကို ခေါ်ဖို့ အပြိုင် ချိတ်ဆက်နေပါတယ်။ ပြင်သစ် လက်ရွေးစင် ခံစစ်သမားကို ပေါင် ၈.၅ သန်းနဲ့ ရမယ် လို့ ချယ်ဆီးက ယုံကြည်နေပါတယ်။

အင်တာမီလန်အသင်းရဲ့ စကရီနီယာ ကို ပီအက်စ်ဂျီက နောက်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ပထမတကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ဒီတစ်ကြိမ်မှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၆ဝ နဲ့ ထပ်ဆောင်းကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု ပီအက်စ်ဂျီက ထပ်မံ ပြုလုပ်တော့မှာပါ။

အာဆင်နယ်နဲ့ အပြောင်းအရွှေ့ ကိစ္စ အပြီးသတ် ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ဂျေးဆုရဲ့ အေးဂျင့်တွေကတော့ လန်ဒန်သို့ လာနေပြီ ဖြစ်ပြီး မန်စီးတီးထံကနေ သဘောတူညီမှု ရယူဖို့ အားစိုက်နေကြပြီ ဖြစ်ပါတယ်။

အင်တာမီလန်ကတော့ ချယ်ဆီးထံကနေ လူကာကူ ကို တစ်ရာသီ အငှား ခေါ်ယူဖို့ကို ယူရို ၇ သန်း နဲ့ ထပ်ဆောင်းကြေးတွေ ထည့်သွင်းထားတဲ့ သဘောတူညီမှု ဒီတပတ်အကုန်မှာ ရရှိမယ်လို့ ယူဆထားပါတယ်။ ချယ်ဆီးကတော့ ယူရို ၁ဝ သန်း အလိုရှိနေပြီး ဒီနှစ်သင်းကြား အငှား ကုန်ချိန် အပြီးရောင်းချဖို့ သဘောတူညီမှုတော့ ထည့်သွင်းခြင်း ဆွေးနွေး ပြောဆိုထားခြင်း မရှိပါဘူး။