ရီးရဲလ်မက်ဒရစ်နဲ့ ဒီနွေမှာ လမ်းခွဲလာတဲ့ အသက် ၃၂ နှစ် အရွယ် ဝေးစ် တောင်ပံသမား ဂါရတ်ဘေးလ်ဟာ မေဂျာလိဂ်ကလပ် လော့အင်ဂျလိစ် အက်ဖ်စီ အသင်းထံ ပြောင်းရွှေ့တော့ပြီလို့ အတည်ပြုသွားပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၂၀၂၁ နွေမှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ တကျော့ ပြန် လာကစားခဲ့သလို အသင်းဟောင်း စပို့တင်းလစ္စဘွန်းထံ ကစားသမား ဘဝ အနားမယူခင် ပြန်သွားကစားနိုင်ခြေ ရှိနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ချယ်ဆီးအသင်းဟာ မန်စီးတီး တိုက်စစ်မှုး စတားလင်း အတွက် ကမ်းလှမ်းတစ်ရပ် ပြုလုပ်တော့မှာ ဖြစ်ကြောင်း အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။ မာရီနာ ရှိစဉ်တည်းက စတားလင်း အတွက် ဆွေးနွေးထားခဲ့ပြီး လက်ရှိမှာတော့ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေ က ဆက်လက် ညှိနှိုင်းတော့မှာပါ။

လီဗာပူးအသင်းဟာ နောက်နှစ်နွေမှာ ဒေါ့မွန်ထံကနေ ဂျူ့ဒ် ဘယ်လင်ဟမ်ကို အရ ခေါ်ယူနိုင်မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။ ဘယ်လင်ဟမ်ရဲ့ အင်္ဂလန်အသင်းဖော် ကယ်ဗင် ဖိလစ်က မန်စီးတီးသို့ ရောက်သွားပြီ ဖြစ်လို့ နောက်နှစ်နွေမှာ လီဗာပူးက အရေးသာမယ်လို့ ပိုမို ယုံကြည်လာတာပါ။
ဂျူဗင်တပ်နဲ့ ချယ်ဆီးအသင်းတို့ဟာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖွယ် ရှိနေတဲ့ ဘရာဇီးသား တိုက်စစ်မှုး နေမာ ကို စောင့်ကြည့်နေ ကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ စီ ရော်နယ်ဒိုရဲ့ အေးဂျင့် ဖြစ်သူထံ ချဉ်းကပ် မေးမြန်းခဲ့တဲ့ ချယ်ဆီးရဲ့ လုပ်ရပ် အပေါ် အမျက်ထွက်နေကြပြီး ပေါ်တူဂီသားက ရောင်းရန် မဟုတ်လို လေသံပစ်လိုက်ကြပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ချယ်ဆီးပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ကို ရောင်းချဖို့ ဆန္ဒ မရှိကြပါဘူး။
