မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲရား အတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှု ကို ငြင်းဆန် ပယ်ချလိုက်ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ဘာစီလိုနာက ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ထဲမှာ မက်ဂွဲရားကို ထည့်သွင်းလိုခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်က အင်္ဂလန်သား ခံစစ်မှုးကို လက်မလွှတ်လိုတာကြောင့် ဘာစီလိုနာရဲ့ အကြံကို ငြင်းဆန်ခဲ့ပါတယ်။
ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ပစ်မှတ်ထားနေတဲ့ ခံစစ်မှုး မာတီနက်ဇ် အတွက် အေဂျက်က ပေါင် ၄၂ သန်း လို့ ဈေး သတ်မှတ်လိုက်ပါတယ်။ အာဆင်နယ်က မာတီနက်ဇ် အတွက် ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းပြီး ပယ်ချခံထားရသလို ယူနိုက်တက်ကလည်း ပေါင် သန်း ၃ဝ လောက်နဲ့ ခေါ်နိုင်မယ် မျှေ်ာလင့်ထားတာပါ။

ယူနိုက်တက် ကနေ ဒီနွေ အလွတ်နဲ့ ထွက်ခွာသွားတဲ့ ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို အငှား ခေါ်ဖူးတဲ့ ကလပ်ဟောင်း ဖြစ်တဲ့ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်း အသင်းက ခေါ်ယူဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ပေါ့ဘာနဲ့ ဒီမာရီယာ တို့ဟာ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ဖို့ အတော်နီးစပ်နေပြီ လို့ သိရပါတယ်။
ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့ မေဂျာလိဂ် ကလပ် အင်တာမီယာမီ ထံ လာကစားဖို့ စီ ရော်နယ်ဒို အား ဖိတ်ခေါ်ခဲ့ပေမယ့် ပေါ်တူဂီသား တိုက်စစ်မှုးက ငြင်းဆန်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ် ကုန်ဆုံးရင် နောက် အသင်းဟောင်း ဖြစ်တဲ့ စပို့တင်းလစ္စဘွန်းထံ ပြန်သွားဖွယ် ရှိနေပါတယ်။

ဖူလ်ဟမ်အသင်းဟာ မန်ယူနိုက်တက် ကွင်းလယ် ကစားသမား ပါရဲရား အတွက် ပေါင် ၁၁ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ ယူနိုက်တက်ထံ ၂၀၂၀ တည်းက ရောက်တာ ဖြစ်ပေမယ့် အငှားထွက် ကစားရင်း အချိန်ကုန်နေခဲ့တာပါ။
မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဖြစ်တဲ့ ဒါဘီကောင်တီ နည်းပြ ဝိန်း ရွန်းနီဟာ ချန်ပီယံရှစ်ကလပ်နဲ့ အတူ ပြီးခဲ့တဲ့ရာသီ အားထုတ် ရုန်းကန်ခဲ့ပြီးနောက် ဘောလုံးနည်းပြခြင်းကနေ ခေတ္တ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရွန်းနီ က ဒါဘီကနေ နှုတ်ထွက်ကြောင်း သောကြာနေ့က ကြေညာခဲ့တာပါ။
