Romano’s Update: ချယ်ဆီးက ဒီနွေမှာ ဗဟိုခံစစ်မှုး ၂ ဦး ခေါ်မှာ ဖြစ်ပြီး ကိုးဝဲလ် အနာဂတ် မသေချာ

အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖြစ်တဲ့ ဖာဘရီဇီယို ရိုမန်နို က ဒီတလော ချယ်ဆီးရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး သူ သိထားတာတွေကို ထုတ်ဖော် အသိပေးလာပါတယ်။

ချယ်ဆီးဟာ ဒီနွေ အပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှုး ၂ဦး အရ ခေါ်ယူဖို့ စီစဉ်ထားကြောင်း ရိုမန်နိုက အတည်ပြု ခဲ့ပါတယ်။

ဒီနွေမှာ ရူဒီဂါနဲ့ ခရစ္စတန်ဆန် တို့ နှစ်ဦးလုံးကို အလွတ်နဲ့ လက်လွှတ်ထားရတာကြောင့် ချယ်ဆီးဟာ ဈေးကွက်ထဲမှာ ဗဟိုခံစစ်မှုးတွေ တောက်လျောက် ချိတ်ဆက်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဂျူဗင်တပ်မှ ဒီလစ်နဲ့ ချယ်ဆီး ရေရှည် ချိတ်နေတဲ့ ဆီဗီလာမှ ကွန်ဒဲလ်တို့က ရေပန်းစားနေတာပါ။

ဒီလစ် ကို မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားတယ် သတင်းထွက်ထားပြီး ချယ်ဆီးကတော့ ဗာနာနဲ့ ပါ အလိုက်ပေး ခေါ်ယူဖို့ လှုပ်ရှားနေပါတယ်။

ရိုမန်နို ကတော့ ချယ်ဆီး ဘယ် ကစားသမားတွေကို အဓိက ကြိုးစားနေတယ် ဆိုတဲ့ အကြောင်း မပြောခဲ့ပေမယ့် ဗဟိုခံစစ်မှုး ၂ ဦးကို အရ ခေါ်မှာက ချယ်ဆီးရဲ့ ဒီနွေ ပလန် ဖြစ်တယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ချယ်ဆီးအသင်းဟာ အသက် ၁၉ နှစ် အရွယ် ဗဟိုခံစစ်သမားလေး လယ်ဗီ ကိုးဝဲလ်ရဲ့ အနာဂတ် ကိုလည်း ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။

ကိုးဝဲလ်က ပြီးခဲ့တဲ့ရာသီ ဟက်ဒါဖီးလ်အသင်းမှာ အငှားထွက်ကစားခဲ့ပြီး ချန်ပီယံရှစ်မှာ ခြေစွမ်းပြခဲ့ပါတယ်။ ဘယ်ခြေသန်နဲ့ ခံစစ်သမားလေးကို ပရီးမီးယားလိဂ် ကလပ် တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

လက်စတာစီးတီး၊ ခရစ္စတယ် ပဲလေ့စ်၊ ဘရိုက်တန်နဲ့ နော့တင်ဟမ် ဖောရက်စ် အသင်းတွေက ကိုးဝဲလ်ကို ခေါ်ယူနိုင်ရေး ချယ်ဆီးထံ ချိတ်ဆက် မေးမြန်းထားခဲ့ပါတယ်။

ချယ်ဆီး အကယ်ဒမီထွက် ကိုးဝဲလ်ဟာ ရူဒီဂါ နေရာ တိုက်ရိုက် အစားထိုးဖို့ သုံးလာနိုင်ခြေ ရှိပေမယ့် အင်္ဂလန် သားလေးဟာ ဒီရာသီကြိုမှာ နည်းပြတူချယ် အထင်ကြီးလောက်အောင် စွမ်းဆောင် ပြနိုင်ဖို့လည်း လိုအပ်နေပါတယ်။