နေမာကို စည်းရုံးနေတဲ့ သီယေဂို၊ ရာဖင်ဟာ၊ စတားလင်း၊ ပူလီဆစ်တို့နဲ့ နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

သီယေဂို ဆေးဗားကတော့ သူ့ရဲ့ ဘရာဇီး လက်ရွေးစင် အသင်းဖော် နေမာကို ဒီနွေမှာ ပီအက်စ်ဂျီ ကနေ ထွက်လာပြီး ချယ်ဆီးထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်း စည်းရုံးနေပါတယ်။

ချယ်ဆီးအသင်းဟာ မန်စီးတီး တိုက်စစ်သမား ရာဟင်း စတားလင်းကို ခေါ်ဖို့ သဘောတူညီမှု မကြာခင် ရတော့မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅ဝ လောက်နဲ့ ဖြစ်နိုင်ပြီး ဒီသီတင်းပတ်ကုန်မှာ အပြောင်းအရွှေ့ ပြီးစီးမယ် ယူဆရပါတယ်။

ချယ်ဆီး ဂိုးသမားဟောင်းကြီး မာ့ခ် ရှာဝါဇာကတော့ ဒီနွေမှာ စတားလင်းကို ခေါ်ယူမယ့် ချယ်ဆီးအသင်း လုပ်ရပ်က မှန်ကန်တယ် လို့ ထောက်ခံ အားပေးခဲ့ပါတယ်။

ချယ်ဆီးဟာ စတားလင်း တင် မဟုတ်ဘဲ မန်စီးတီး မှ အကီနဲ့ ဇင်ချန်ကို တို့ကိုပါ ပစ်မှတ်ထား မေးမြန်းနေတာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လိဒ်စ် ယူနိုက်တက်မှ ဘရာဇီးသား တိုက်စစ်သမား ရာဖင်ဟာ ကို ထပ်ဆောင်း ဆုကြေးများ အပါအဝင် ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီ လို့ သိရပါတယ်။ ကလပ်အသင်း နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရပေမယ့် ကစားသမားရဲ့ အဖြေကိုတော့ စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နို က ဖော်ထုတ်ခဲ့ပါတယ်။

ချယ်ဆီးအသင်းမှာ ပွဲကစားခွင့် နည်းပါးနေတာကြောင့် စိတ်ပျက်နေတဲ့ အမေရိကန် တောင်ပံတိုက်စစ်သမား ပူလီဆစ်ဟာ ဒီနွေမှာ အသင်းပြောင်းရွှေ့ သွားနိုင်တယ် လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါပေမယ့် အသင်းဟောင်း ဒေါ့မွန်ကတော့ ပူလီဆစ်ကို ဈေးကြီးတာကြောင့် ပြန်ခေါ်နိုင်ဖွယ် မရှိပါဘူး။

ချယ်ဆီး ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရစ်ချာလီဆန်ကတော့ အဲဗာတန်ကနေ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုက အတော် အခြေအနေ ကောင်းနေပြီ လို့ သိရပါတယ်။