ဒီလစ်အတွက် မျှော်လင့်စရာ ရှိလာခြင်း၊ ကိုးဝဲလ်၊ မန်ဒီရဲ့ နှုတ်ဆက်စကားနဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းများ

ချယ်ဆီး လူငယ် ဗဟိုခံစစ်မှုး ကိုးဝဲလ်ကို ချိတ်ဆက်နေတဲ့ အသင်းတွေထဲ ဆောက်သမ်တန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်ကျော်သက် လူငယ်လေးဟာ ပြီးခဲ့တဲ့ရာသီ ဟက်ဒါဖီးမှာ အငှား သွားကစားပြီး ခြေစွမ်းပြခဲ့တာကြောင့် ၎င်းကို ခေါ်ယူလိုတဲ့ ကလပ်တွေ ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေ ဂျူဗင်တပ်ကနေ ထွက်ခွာလိုနေတဲ့ ဒီလစ်ကို ကြိုးစား ချိတ်ဆက်နေပြီး စီးရီးအေ ကလပ် ဘက်က ကမ်းလှမ်းမှုတွေကို လက်မခံသေးပေမယ့် ဂျူဗင်တပ် စီအီးအို Maurizio Arrivabene ကတော့ အသင်းမှာ ဆက်မနေလိုတဲ့ ကစားသမားတွေကို ဇွတ် ထိန်းထားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆို လိုက်တာကြောင့် မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်မှုး လူကာကူဟာ သူ့အသင်းဟောင်း အင်တာမီလန်ထံ ပြန်ရောက်ပြီးတဲ့နောက် တစ်နေ့မှာ အင်တာ ပြန်လာဖို့ သူပေးခဲ့တဲ့ ကတိ တည်ခဲ့ပြီ လို့ ပြောဆိုခဲ့ကာ ပျော်ရွှင်နေပါတယ်။ လူကာကူ က အင်တာမီလန်ထံ တစ်ရာသီ အငှား ပြန်သွားခဲ့တာပါ။

ချယ်ဆီး ဂိုးသမား မန်ဒီက အသင်း ဒါရိုက်တာ ရာထူးကနေ နှုတ်ထွက်သားတဲ့ ဂိုးသမားဟောင်းကြီး ပီတာချက် အား နှုတ်ဆက် စကား တွစ်တာကနေ ဆိုသွားခဲ့ပါတယ်။ မန်ဒီက ပီတာချက် သင်ပြပေးခဲ့တာတွေ၊ ထရိန်နင်တွေနဲ့ အတူ ရှိခဲ့တဲ့ ကာလတွေ အတွက် ကျေးဇူးတင် အမှတ်ရနေမှာပါ လို့ ဆိုခဲ့တာပါ။

လိဒ်စ် ယူနိုက်တက် ကစားသမား ရာဖင်ဟာ အတွက် ချယ်ဆီးက ရှေ့ထွက် ကမ်းလှမ်းမှုကောင်း ပြုလုပ်လိုက်တဲ့နောက် ဘာစီလိုနာကလည်း ငြိမ်မနေတော့ဘဲ ဘရာဇီးသားကို ရဖို့ တွန်းအားပေး ကြိုးစားလာကြောင်း သတင်းထွက်လာပါတယ်။

ရာဖင်ဟာ အတွက် ချယ်ဆီး ကမ်းလှမ်းမှု အပေါ် လိဒ်စ်က ပြောင်းရွှေ့ကြေး လက်ခံသဘောတူခဲ့ပြီး ဖြစ်ပေမယ့် ကစားသမားရဲ့ ခေါင်းညှိမ့်မယ့် အဖြေကို ချယ်ဆီးက စောင့်ဆိုင်းနေရပါတယ်။

နည်းပြ တူချယ် လူကာကူနဲ့ အတူ စပါးပွဲ ကြည့်နေစဉ် နည်းပြ ကွန်တီထံ လက်ညှိုးထိုးပြီး ‘ ဟိုမှာ မင်း ဒယ်ဒီ ‘ လို့ ခပ်ရွတ်ရွတ် စနောက်ခဲ့တဲ့ နောက်ပိုင်း လူကာကူနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခဲ့ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေမှာ အနည်းဆုံး နှစ်နေရာ အင်အားဖြည့် လူသစ် ခေါ်ယူဖို့ ရှိနေတာကြောင့် လူကာကူ ကို ရှင်းထုတ် အပြီး ကစားသမားသစ် ဝယ်ယူမှုတွေဘက် အားစိုက်လာခဲ့ပါပြီ။