ယူနိုက်တက်ထံကနေ ထွက်ခွင့်တောင်းထားတဲ့ ရော်နယ်ဒိုက ချယ်ဆီး ပြောင်းမယ် ရေပန်းစားလာ

တိုက်စစ်မှူး ရော်နယ်ဒိုက ဒီနွေမှာ ယူနိုက်တက်ကနေ ထွက်ခွင့်ပေးဖို့ တောင်းဆိုလိုက်ခြင်းကြောင့် ပေါ်တူဂီစတား ပြောင်းရွှေ့နိုင်တဲ့ ကလပ်တွေထဲမှာ ချယ်ဆီးက ထိပ်ဆုံးက ရေပန်းစားလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေမှာ ဂျူဗင်တပ်အသင်းကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုရဲ့ စာချုပ်က ၁၂ လပဲ ကျန်ရှိတော့တာပါ။ အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှုးဟာ ယူနိုက်တက်ရဲ့ ရည်ရွယ်ချက် ကြီးမားခြင်း မရှိတဲ့ အနေအထားအပေါ် စိတ်ပျက်နေတာကြောင့် အသင်းပြောင်းဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့မှာ ယူနိုက်တက်က ကစားသမား ခေါ်ယူမှုကြီးတွေနဲ့အတူ ဆုဖလားတွေ စိန်ခေါ်လိုမှုတွေ ပြသခြင်း မရှိပါဘူး။ ဒါ့အပြင် ချန်ပီယံလိဂ်လည်း ကစားရဖို့ မရှိတာက ရော်နယ်ဒို ထွက်ခွာလိုခြင်း အဓိက အကြောင်းရင်းတွေဖြစ်လာခဲ့တယ်။

သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင် နားထောင်ပေးဖို့ ရော်နယ်ဒိုက ယူနိုက်တက် တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

ချယ်ဆီးအသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုးလေဟာ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ပေါ်တူဂီမှာ တွေ့ဆုံခဲ့သေးပြီး ယူနိုက်တက်နဲ့ အနာဂတ် ကိစ္စ၊ စတန်းဖို့ဘရစ်ချ်သို့ ပြောင်းလာနိုင်ခြေ တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသေးတာပါ။

ဒါကြောင့်ပဲ ရော်နယ်ဒိုရဲ့ နောက်ထပ် ကလပ်က ချယ်ဆီးဖြစ်မယ် သတင်းကြီးလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီကလည်း သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေဖြစ်ကြကာ မက်ဆီ ရှိနေတဲ့ ပီအက်စ်ဂျီကတော့ ရော်နယ်ဒိုကို ချိတ်ဆက်မယ့် အရိပ်အယောင် မပြသေးဘူးလို့လည်း သိရတယ်။

ဘလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ လတုန်းကပဲ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ တန်ဟက် လက်အောက်မှာ ကစားရဖို့ စိတ်လှုပ်ရှား ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သေးပေမယ့် လူသစ် တစ်ဦးမှ မခေါ်ယူနိုင်သေးတဲ့ အခြေအနေကြောင့် ထွက်ခွင့်တောင်းလာခဲ့ခြင်း ဖြစ်ပါတယ်။