စီနီယာ ၁၃ ဦးနဲ့ ရာသီကြို ထရိန်နင်၊ စီ ရော်နယ်ဒို၊ စတာလင်း၊ အလွန်ဆို တို့နဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးအသင်းကတော့ ရာသီကြို ထရိန်နင်ကို ပြန်လည် စတင်လိုက်ပြီ ဖြစ်ပြီး စီနီယာ အသင်းကစား ၁၃ ဦးက ကော့ဘ်ဟန်း ထရိန်နင်စင်တာမှာ စတင် ပူးပေါင်းလာပြီ ဖြစ်ပါတယ်။

ထို ကစားသမားတွေကတော့ ကီပါ၊ ဘတ်တီနယ်လီ၊ ဘန်ချေးဝဲလ်၊ ကင်နီဒီ၊ ချာလိုဘတ်၊ ကိုးဝဲလ်၊ မာလန် ဆား၊ ဒူဂျွန် စတာလင်၊ ရော့စ် ဘာကလေ၊ အန်ဂျိုရင်၊ လော့ဖ်တပ်ချိခ်၊ ဇီယက်နဲ့ အိုဒွိုင်းတို့ ဖြစ်ကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး ရော်နယ်ဒိုက ဒီနွေမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိရင် သူ့ကို ထွက်ခွာခွင့် ပေးဖို့ မန်ချက်စတာ ကလပ်ထံ တောင်းဆိုလိုက်ပါတယ်။ ရော်နယ်ဒိုက ချန်ပီယံလိဂ် ကစားရတဲ့ ကလပ်အသင်း တစ်သင်းထံ ပြောင်းလိုနေပြီး ၎င်းကို ခေါ်ယူနိုင်ဖို့ ချယ်ဆီးက ရေပန်းစားလာပါတယ်။

မန်စီးတီး တိုက်စစ်မှုး ရာဟင်း စတာလင်းအတွက် ချယ်ဆီးအသင်းရဲ့ ကြိုးစားမှုက တရွေ့ရွေ့ တိုးတက်နေပြီး ကလပ်နှစ်သင်းကြား တိုက်ရိုက်ပြောဆိုမှုတွေ ဆက်လုပ်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။ စတာလင်းက ဒီနွေ ချယ်ဆီးရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာဖွယ် ရှိပါတယ်။

ချယ်ဆီး အသင်းနဲ့ ဘာစီလိုနာ တို့က လာမယ့် အပတ်ထဲမှာ ခံစစ်မှုး မားကို့စ် အလွန်ဆို အပြောင်းအရွှေ့ ကို အပြီးသတ်ဖို့ တွေ့ဆုံ ဆွေးနွေးကြတော့မှာပါ။ ချယ်ဆီးက စပိန်သား အတွက် ပေါင် ၈.၆ သန်း အလိုရှိနေပါတယ်။

ချယ်ဆီး ပစ်မှတ်ထားနေပြီး ဒီနွေ ပီအက်စ်ဂျီ ရောင်းချလိုနေတဲ့ ဘရာဇီး ကြယ်ပွင့် နေမာ ကတော့ လက်ရှိကလပ်နဲ့ သက်တမ်းတိုးခွင့်ကို အသက်သွင်းလိုက်ပြီး ၂၀၂၇ ထိ စာချုပ်သက်တမ်း ကို ဆွဲဆန့်လိုက်ပြီ ဖြစ်ပါတယ်။

ကိုင်ဟာဗက်ဇ်က သူ ကျောနံပါတ် ၂၉ ဝတ်ဆင် ကစားရတဲ့ အကြောင်းကို ရှင်းပြခဲ့ရာ သူနဲ့ သူ့ရဲ့ အစ်ကို ငယ်စဉ်က ဖီဖာဂိမ်း ကစားရာမှာ နံပါတ် ၂၉ ကို သုံးခဲ့ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။