ချယ်ဆီး အဓိက ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ် ခံစစ်မှုး ဒီလစ်ကို ခေါ်ယူရေးမှာ ဘိုင်ယန်မြူးနစ်က အသာ ရသွားပြီ ဖြစ်ကြောင်း ဂျာမနီဘက်က သတင်းတွေမှာ ဖော်ပြလာပါတယ်။ ချယ်ဆီးက ဒီလစ် အတွက် ယူရို သန်း ၄ဝ နဲ့ အတူ တီမိုဗာနာ ဒါမှမဟုတ် ပူလီဆစ်ကို အလိုက်ပေးဖို့ ဆွေးနွေးနေခဲ့တာပါ။
ဂျူဗင်တပ်ဟာ ဒီနွေ အသင်းကနေ ထွက်ခွာဖွယ် ရှိတဲ့ ဗဟိုခံစစ်မှုး ဒီလစ် နေရာ အစားထိုးဖို့ အာဆင်နယ် ကြယ်ပွင့် ဂါဘရီရယ် မက်ဂယ်ဟေးစ်ကို မျက်စိကျလာနေပါတယ်။
အေဂျက် ခံစစ်သမား လီဆန်ဒရို မာတီနက်ဇ်ကတော့ သူ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုကြောင်း အေဂျက် တာဝန်ရှိသူတွေအား အသိပေးလိုက်ပြီ ဖြစ်ပါတယ်။ မာတီနက်ဇ်ကို မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ချိတ်ဆက်နေပြီး ဘယ်ကလပ်ကို သွားမလဲ ကစားသမားက မရွေးချယ်ရသေးပါဘူး။

ဘာစီလိုနာ ခံစစ်သမား Clément Lenglet ဟာ တော့တင်ဟမ် စပါးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး အပြောင်းအရွှေ့ကို ဒီအပတ်ထဲ အပြီးသတ် လုပ်ဆောင် ကြေညာဖွယ် ရှိနေပါတယ်။
စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဟာကင်ဇီယက်ချ်ကို တစ်ရာသီ အငှား ခေါ်ယူဖို့ ချယ်ဆီးနဲ့ ပြောဆို ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး စီ ရော်နယ်ဒို ကို ချယ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေက ခေါ်ယူချင်ပေမယ့် နည်းပြ တူချယ်ကတော့ ပေါ်တူဂီသားကို စိတ်မဝင်စားဘူး ဖြစ်နေပါတယ်။

ဘိုင်ယန်မြူးနစ် တောင်ပံတိုက်စစ်သမား ဂနာဘီက ဘိုင်ယန်နဲ့ သက်တမ်းတိုး စာချုပ်ကို ငြင်းဆိုထားတာကြောင့် ဥရောပကလပ်တွေက ချိတ်ဆက်နေကြပြီး မန်ချက်စတာ နှစ်သင်းလည်း ပါဝင်နေပါတယ်။
ဂျူဗင်တပ်နဲ့ စာချုပ် ကုန်ဆုံးသွားလို့ ဖရီးအေးဂျင့် အဖြစ် အသင်းသစ် ရှာဖွေနေတဲ့ ဒိုင်ဘားလားဟာ ယူနိုက်တက်မှာ ရော်နယ်ဒို နေရာ အစားထိုး လာရောက် ကစားဖို့ စိတ်ဝင်စားနေပါတယ်။
