အေးဂျင့် ဂျော့မန်ဒက်စ် ရောင်းချပေးထားတဲ့ ဈေးကွက်တွင်း ‘Cristiano effect’ စစ်တမ်း

ယူနိုက်တက်ဟာ တိုက်စစ်သမား ရော်နယ်ဒိုအတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ပေးခဲ့ပြီ ဖြစ်သလို အေးဂျင့် ဂျော့မန်ဒက်စ်ကလည်း သူ့အလုပ်ရှင်အတွက် အသင်းသစ်တွေကို စတင် ရှာဖွေနေပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ တနင်္လာနေ့မှာ ယူနိုက်တက်နဲ့ ပြန်လည် ပူးပေါင်းရမယ့်အစား ပေါ်တူဂီက လေ့ကျင့်ရေးကွင်းမှာပဲ ကြံ့ခိုင်မှုအတွက် ဆက်လက် လေ့ကျင့်နေခဲ့ကာ ဒီအပတ် ထိုင်းနဲ့ သြစတြီးလျကို ထွက်ခွာမယ့် ယူနိုက်တက် လူစာရင်းကနေပါ နုတ်ထွက်သွားမှာ ဖြစ်ပါတယ်။

တိုက်စစ်သမားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က ရော်နယ်ဒိုရဲ့ စပွန်ဆာတွေ၊ သူ့ရဲ့ လူမှုကွန်ယက်တွေက တစ်ဆင့် ဈေးကွက်တွင်း သက်ရောက်မှု ဘယ်လောက်တောင် ရှိသလဲဆိုတာကို ပြုစုပြီး ‘Cristiano effect’ ဆိုတဲ့ စာရွက်စာတမ်းတွေကို ကလပ်တွေအတွက် ရောင်းထုတ်ပေးထားတယ်လို့ သိရတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံးသော ပုံရိပ်ကောင်းတွေကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်သလို သူ့ရဲ့ အင်စတာဂရမ် အကောင့်ဟာ ဘောလုံးသမားတွေထဲမှာ အများဆုံးဖြစ်ပါတယ်။ သူ့ရဲ့ များစွာသော လူမှုကွန်ယက် ပလက်ဖောင်းတွေနဲ့ စပွန်ဆာ စာချုပ်တွေက ကလပ်တွေကို ဘဏ္ဍရေးအရ အကျိုးအမြတ် ထွက်စေနိုင်ပါတယ်။

ဥပမာအားဖြင့် မနှစ်တုန်းက မန်ချက်စတာနဲ့ ၂ နှစ် စာချုပ်ဟာ လုပ်ခ အပါအဝင် ပေါင် ၅၂ သန်း တန်ကြေးရှိခဲ့ပေမယ့် သူ့နာမည်ပါ ဂျာစီ ရောင်းချမှုကနေတင်ပဲ ယူနိုက်တက်ဟာ ပေါင် ၁၂.၄ သန်း ပြန်ရခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဈေးကွက်တွင်း သက်ရောက်မှုဟာ ထိပ်သီးအသင်းတွေထက်တောင် ပိုမို ကျယ်ပြန့်တဲ့ အနေအထားတွေ ရှိနေတာပါ။

အခု ဂျော့မန်ဒက်စ်က ရောင်းချထားတဲ့ စာရွက်စာတမ်းတွေဟာ ရော်နယ်ဒိုရဲ့ သက်ရောက်မှုတွေကို စုစည်း ဖော်ပြထားတာဖြစ်တယ်လို့ နားလည်ရတယ်။ ကမ္ဘာဘောလုံးလောကရဲ့ အထင်ကရ တိုက်စစ်သမားကို ခေါ်ယူတဲ့ ကလပ်ဟာ ဈေးကွက်အတွင်းမှာ ကြီးမားတဲ့ သက်ရောက်မှု ရှိသွားမှာဖြစ်ပါတယ်။

လာမယ့် ဘောလုံးရာသီ မတိုင်ခင် ရော်နယ်ဒို ဘယ်အသင်းကို ပြောင်းရွှေ့မယ် မသိနိုင်သေးပေမယ့် သေချာတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်က ကလပ်တစ်သင်းထံ ပြောင်းရေးကို ဦးစားပေးအဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။