မန်စီးတီး တိုက်စစ်မှုးသစ်၊ အရှိန်မြှင့်လာတဲ့ ယူနိုက်တက်၊ အကီ ခေါ်ဖို့ နီးလာတဲ့ ချယ်ဆီးနဲ့ ညပိုင်း အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတည်းက ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ် ကို ဒီနေ့ ထုတ်ဖော် ကြေညာသွားခဲ့ပါပြီ။ အဲဗာရက်စ်ဟာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင် ကစားမှာပါ။

အသင်းကနေ ထွက်လိုတယ် လို့ ရော်နယ်ဒို အသံပြုလာပြီးနောက်မှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ခေါ်ယူရေး အဖွဲ့တွေက ဗျူဟာတွေ ပြောင်းပြီး ပိုမို အရှိန်မြင့်လာတယ် လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြသွားပါတယ်။

ယူနိုက်တက်ဟာ ဒီဂျောင်နဲ့ အဲရစ်ဆန် ခေါ်ယူမှု အပြီးသတ်ပြီးရင် တိုက်စစ်မှုး တစ်ဦး ခေါ်ဖို့ ဦးစားပေးမှာ ဖြစ်ကာ နည်းပြ တန်ဟက်က ခံစစ်သမားတွေလည်း ခေါ်ယူလိုနေပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဖြစ်တဲ့ ဝီရှိုင်းယားကတော့ အသက် ၃ဝ အရွယ်မှာပဲ ဘောလုံး ကစားခြင်းမှ အနားယူပြီ ဖြစ်ကြောင်း ဒီနေ့ ကြေညာသွားခဲ့ပါတယ်။ ပရို ဘောလုံးသမား ဘဝ အနားယူလိုက်တဲ့နောက် ဝီရှိုင်းယားဟာ အာဆင်နယ် လူငယ်အသင်းမှာ နည်းပြ အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ သူတို့ ကစားသမားဟောင်း ဖြစ်တဲ့ မန်စီးတီးမှ ခံစစ်မှုး အကီကို ခေါ်ယူဖို့ ဆွေးနွေး ညှိနှိုင်းနေရာ အတော် ခရီးပေါက်နေပြီ လို့ သိရပါတယ်။

လိုက်ပ်ဇစ်ကနေ ပြီးခဲ့တဲ့ရာသီက အငှား လာကစားခဲ့တဲ့ တိုက်စစ်မှုး ဘရော့ဘေးကို အေဂျက် က အပြီးဝယ်ယူဖို့ ဆွေးနွေးနေချိန်မှာပဲ နည်းပြ တန်ဟက်ရဲ့ ယူနိုက်တက်က ကြားဖြတ်ဝင်ရောက် ကြိုးစားလာပါတယ်။

အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂိုးသမားကြီး ပီပီ ရေနာက ဗီလာရီးရဲလ် အသင်းထံ ပြန်လည် ပူးပေါင်းပြီ ဖြစ်ကြောင်း ကြေညာသွားပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှုး အန်တိုနီနဲ့ ခံစစ်မှုး မာတီနက်ဇ် တို့ အတွက် အေဂျက်နဲ့ တောက်လျောက် ဆက်သွယ် ပြောဆိုနေကြောင်း သိရပါတယ်။