ကူကူရယ်လာ ကို မရနိုင်တော့တဲ့ မန်စီးတီး၊ ရာဖင်ဟာနဲ့ ဘာစီလိုနာရဲ့ ၄၈ နာရီနဲ့ ညပိုင်း အပြောင်းအရွှေ့ သတင်းများ

ပေါ့ဘာက ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ပြောင်းရွှေ့ကြေး အလွတ်နဲ့ အသင်းဟောင်း ဂျူဗင်တပ်ထံ ပြန် ပူးပေါင်းပြီ ဖြစ်ပါတယ်။ ဆေးစစ်ဖို့ တူရင်သို့ ရောက်လာခဲ့တဲ့ ပေါ့ဘာကို ဂျူဗင်တပ် ပရိသတ်ထု လူအုပ်ကြီးက ကြိုဆိုခဲ့ကြပါတယ်။

ဘာစီလိုနာ အသင်းဟာ ရာဖင်ဟာ အတွက် ချယ်ဆီး ကမ်းလှမ်းခဲ့တဲ့ ပေါင် သန်း ၆ဝ ပမာဏ အတိုင်း ကမ်းလှမ်းမှု ပြုလုပ်ပြီး လိဒ်စ် ယူနိုက်တက်နဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ရာဖင်ဟာရဲ့ အေးဂျင့်ကတော့ သူ့ကစားသမား ကိစ္စကို ၄၈ နာရီ အတွင်း အပြီးသတ်ဖို့ ဘာစီလိုနာအား တွန်းအားပေးထားပါတယ်။

အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နို အဆိုအရတော့ ဘာစီလိုနာဟာ ဒမ်ဘီလီကို စာချုပ်သစ်နဲ့ ဆက်ခေါ်ထားဖို့ရော ရာဖင်ဟာ ကို ခေါ်ယူရေးပါ အခြေအနေ ကောင်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။

အဲဗာတန် နည်းပြ ဖရန့်လမ်းပတ်က ကစားသမားသစ် ၂ဦး ခေါ်ယူရေး အပြီးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်ထံ ရောက်လာဖို့ ဆောက်သမ်တန်မှ ဝေါ်ကာ ပီတာစ်နဲ့ ချယ်ဆီးမှ ဘရိုဂျာ တို့ အတော် နီးစပ်နေပြီ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ မန်စီးတီး ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ အစွန်ခံစစ်သမား ကူကူရယ်လာ ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆို ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ကူကူရယ်လာကို တောက်လျောက် ချိတ်ဆက်နေတဲ့ မန်စီးတီး အတွက်တော့ ထိုးနှက်ချက် ဖြစ်လာပါတယ်။

ရိုးမား နည်းပြ ဂျို့စ် မော်ရင်ညိုဟာ ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် တိုက်စစ်မှုး ဇာဟာ ကို ဒီနွေမှာ ခေါ်ယူလိုနေကြောင်း Goal သတင်းက ဖော်ပြလာပါတယ်။ ရိုးမား အနေနဲ့ ဇာဟာ ကို ခေါ်ဖို့ ဆိုရင် ကစားသမား ရောင်းချပြီး ငွေရှာရဦးမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာ ဘိုလော့ဂ်နာမှ စကော့တလန်သား အစွန်ခံစစ်သမား အေရွန် ဟစ်ကီကို ကလပ် စံချိန်တင်ကြေး ပေါင် ၁၉ သန်း သုံးကာ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဟက်ကီကို ဒီနွေ အစောပိုင်းမှာ အာဆင်နယ်ကလည်း ချိတ်ဆက် ခဲ့ပါသေးတယ်။