ချယ်ဆီးအသင်းရဲ့ တိုက်စစ်မှုး တီမိုဗာနာကတော့ အခုထက် ပို ပွဲကစားခွင့်တွေ ရချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး ပွဲကစားရတဲ့ ဘယ်နေရာမှာ မဆို သူက ပျော်မှာပဲ လို့ ဆိုလိုက်ပါတယ်။
ဂျာမန် လက်ရွေးစင် တိုက်စစ်မှုးရဲ့ အခုလို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုမှုက အသင်း ပြောင်းရွှေ့ဖို့ ပိုမို အချက်ပြလိုက်တာလည်း ဖြစ်နိုင်နေပါတယ်။

တီမိုဗာနာ က ” ကျနော်က ဘယ်နေရာမှာ မဆို ပျော်အောင် နေတတ်ပါတယ်။ အရေးအကြီးဆုံးကလည်း ကျနော် နေရတာ ပျော်ရွှင်နေဖိုပဲ။ ကျနော် ပွဲကစားရတယ်၊ ဂိုးတွေ သွင်းရတယ် ဆိုရင် ပျော်နေတာပဲ။ ဒါက တကယ့် အချက်အလက်ပါ။
ဒါကို ကျနော် သေချာ ကိုင်တွယ်ရမှာ ဖြစ်ပြီး ကျန်တာတွေက နောက်ဆက်တွဲ လိုက်လာမှာပေါ့။ အသင်း မန်နေဂျာကတော့ မတူညီတဲ့ အိုင်ဒီယာတွေ အတွေးအမြင်တွေ အမြဲ ရှိနေတတ်တယ်။ သူက ပွဲတွေမှာ ပုံစံအမျိုးမျိုး ကိုယ့်ကို ပုံဖော်လိမ့်မယ်။
ပွဲတော်တော်များများမှာတော့ ကျနော်က သူ့ အတွေးထဲ ရှိပုံ မရဘူး။ ဒါကို ကျနော် ပြောင်းလဲဖို့ ကြိုးစားပါတယ်။ ပြီးခဲ့တဲ့ ရာသီက သိပ်ကြီး ကွဲပြားသွားခဲ့တာတော့ မဟုတ်ဘူး။ (ဒီနွေမှာ စတာလင် ရောက်လာခဲ့ပေမယ့်) ရိုမီလူ (လူကာကူ) လာတော့လည်း အရင်အတိုင်းပါပဲ။ ကျနော်တို့ ပွဲထွက်ခွင့် အတွက် အပြိုင်အဆိုင် ရှိခဲ့ပေမယ့် အနေအထားက အတူတူပါပဲ။
ချယ်ဆီးလို ကလပ်အသင်းကြီးမှာက ဒီလို ပြိုင်ဆိုင်မှုတွေ ရှိနေမှာပါ။ ရာသီကြို ကာလမှာက ကိုယ် ကစားချင်တာကို ပြသနိုင်ဖို့ လိုတယ်။ ပွဲထွက် ၁၁ ယောက်ထဲ ကိုယ်က ပါဝင်ချင်တဲ့သူ ကစားချင်တဲ့သူ ဆိုတာကို ပြရမယ်။ ဒါကို ကျနော် ကြိုးစားမှာပါ။
ကျနော် အခုထက် ပို ကစားခွင့် ရချင်တာက ရှင်းပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါခွင့် ရဖို့၊ ခြေစွမ်းကောင်း ပြနိုင်ဖို့ ဆိုတာကလည်း ပို ကစားနိုင်မှ ဖြစ်မှာပါ။ ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဂျာမန်သားဟာ ပြီးခဲ့တဲ့ရာသီ က ချယ်ဆီးအသင်းအတွက် ၃၇ ပွဲ ပါဝင် ကစားခဲ့သူပါ။ ဒီနွေမှာတော့ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။
အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှုးဟာ ဒီနွေ ချယ်ဆီးနဲ့ ပထမဆုံး ပွဲ အဖြစ် ကလပ် အမေရိကနဲ့ ပွဲမှာ ပါဝင် ကစားခဲ့ပြီး ထိုပွဲမှာ ဂိုးလည်း သွင်းခဲ့ပါတယ်။
