ဒဏ်ရာပြသနာတွေ စကြုံတဲ့ လီဗာပူး၊ ပစ်မှတ်ဟောင်းကို ချယ်ဆီး ပြန်ချိန်ခြင်း၊ လီဝန်၊ ဆာလီဘာနဲ့ ညနေခင်း ဘောလုံးသတင်းတိုများ

ချယ်ဆီးအသင်းဟာ မန်စီးတီး ခံစစ်မှုး နက်သန် အကီကို ခေါ်ယူရေး မအောင်မြင်တော့တဲ့နောက် ကာလရှည် ပစ်မှတ် ဖြစ်ဖူးတဲ့ ဆီဗီလာမှ ဂျူးလက်စ် ကွန်ဒဲလ်ကို ပြန်လည် စိတ်ဝင်စားလာပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါစကီး ဟာ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်တာကြောင့် ပိုလန်သာ ဝါရင့် တိုက်စစ်မှုးကို ချိတ်ဆက်ခဲ့တဲ့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ လွဲချော်ခဲ့ရပြန်ပါတယ်။

အာဆင်နယ်အသင်းဟာ လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာ ကို စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ အာဆင်နယ်က စတာလင်ကို မန်စီးတီးကနေ ခေါ်ဖို့ လွဲခဲ့ရတဲ့နာက် ဆာကာ ကိုပဲ ဆက်ထိန်းဖို့ အားစိုက်လာခဲ့တာပါ။

ဂွန်ဒိုဂမ်၊ ဖီးလ်ဖိုဒန်နဲ့ ဂျွန်စတုန်းတို့ဟာ မန်ချက်စတာ စီးတီးရဲ့ အမေရိကန် ရာသီကြို ခရီးစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထို၃ ယောက်ဟာ စီးတီး U23 နဲ့ အတူ ဥရောပ တခြားနေရာမှာ အတူ ရှိနေမှာပါ။

အငှားထွက် ကစားရာကနေ ပြန်ရောက်နေတဲ့ အာဆင်နယ် ခံစစ်သမား ဝီလီယံ ဆာလီဘာက ပွဲကစားချိန် အာမခံချက် နည်းပြ အာတီတာဆီကနေ တောင်းဆိုမှာ ဖြစ်ပြီး မရရင် အသင်းပြောင်းခွင့်ပေးဖို့ တွန်းအားပေးတော့မှာ ဖြစ်ကြောင်း The Independent သတင်းက ဆိုပါတယ်။

အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ကိုဗစ်ကာကွယေ်ဆး ထိုးဖို့ ငြင်းပယ်တဲ့ ကစားသမားတွေအား လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အသင်း လူစာရင်းကနေ ဖယ်ထုတ်သွားဖို့ ရှိနေပါတယ်။

ဘာစီလိုနာက သူတို့ရဲ့ အမေရိကန် ရာသီကြို ခရီးစဉ် လိုက်ပါမယ့် အသင်း လူစာရင်းမှာ ဖရန်ကီ ဒီဂျောင် ကို ထည့်သွင်းထားပါတယ်။ ယူနိုက်တက်ကတော့ ဒီဂျောင် ကို ခေါ်ယူရေး လက်မလျှော့သွားသေးပါဘူး။

လိဒ်စ်ယူနိုက်တက်ဟာ ဘာစီလိုနာသို့ ရောင်းချလိုက်ရတဲ့ ရာဖင်ဟာ နေရာ အစားထိုးဖို့ အာဆင်နယ်မှ နစ်ကိုးလပ်စ် ပီပီ ကို စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်က ပီပီကို ရောင်းချလိုနေတာပါ။

အာဆင်နယ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ် ကြယ်ပွင့်လေး Omari Hutchinson ဟာ လန်ဒန်ပြိုင်ဘက် ချယ်ဆီးအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှ တိုက်စစ်မှုး ဂျိုတာနဲ့ ဂိုးသမား အယ်လစ်ဆန်တို့ဟာ ရာသီကြို ခရီးစဉ် မှာ ဒဏ်ရာ ရခဲ့တာကြောင့် ရာသီအစပိုင်း ပွဲတွေ လွဲချော်သွားဖွယ် ရှိပါတယ်။