ကူလီဘာလေ ခေါ်ယူမှု အောင်မြင်ပြီးတဲ့နောက် ချယ်ဆီး ဆက်လှုပ်ရှားသွားမယ့် ကစားသမား အဝင် အထွက်များ

ချယ်ဆီးအသင်းဟာ ဒီနေ့မှာပဲ နာပိုလီ မှ ဗဟိုခံစစ်မှုး ကူလီဘာလေကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ ဆီနီဂေါလက်ရွေးစင် အတွက် ချယ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း သုံးခဲ့ရတယ် လို့ သိရပါတယ်။

အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေ ကိုယ်တိုင် အားကစားဒါရိုက်တာ တာဝန်ယူကာ ဈေးကွက်ထဲ လှုပ်ရှားနေတဲ့ ချယ်ဆီး အသင်းက ကူလီဘာလေ ခေါ်ယူမှု အပြီး ကစားသမား အရောင်းနဲ့ အဝယ်တွေ ဆက်တိုက် လုပ်ဆောင်သွားဖို့လည်း ရှိနေပါသေးတယ်။

နောက်ထပ် ဗဟိုခံစစ်သမား ၂ ဦး

ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်က ဗဟိုခံစစ်မှုး ၃ဦး ဒီနွေမှာ ခေါ်ယူချင်တယ်လို့ လတ်တလော ထုတ်ဖော် ပြောဆိုထားပါတယ်။ ကူလီဘာလေက ပထမဆုံး တစ်ယောက်သာ ဖြစ်တာကြောင့် နောက်ထပ် ၂ ယောက် ထပ်မံ ခေါ်ယူဖို့ ကြိုးစားဦးမှာပါ။

အကီက မန်စီးတီးမှာ ဆက်နေမှာ ဖြစ်သလို ဒီလစ်ကလည်း ဘာစီလိုနာ သို့ ဦးတည်နေပါတယ်။ ချယ်ဆီးရဲ့ လက်ရှိ ပစ်မှတ်က ပီအက်စ်ဂျီမှ ကင်ပန်ဘီ ဖြစ်ပြီး ယခင် ချိန်ရွယ်ဖူးတဲ့ ဆီဗီလာမှ ဂျူးလပ်စ် ကွန်ဒဲလ်ကိုလည်း ပြန် ပစ်မှတ်ထား လာဖွယ် ရှိနေပါတယ်။

မောင့်နဲ့ ဂျိမ်းစ်တို့ သက်တမ်းတိုးစာချုပ်များ

ချယ်ဆီးရဲ့ ကော့ဘ်ဟမ်း အကယ်ဒမီ ထွက်တွေဖြစ်တဲ့ မေဆန်မောင့်နဲ့ ဂျိမ်းစ်တို့ဟာ လက်ရှိ တူချယ်ရဲ့ အသင်းမှာ အရေးအကြီးဆုံး ကစားသမား ၂ ယောက် ဖြစ်ပါတယ်။ တော့ဒ်ဘိုလေရဲ့ ဦးစားပေး ဆောင်ရွက်စရာထဲမှာ ဒီ ကစားသမား ၂ယောက်ကို သက်တမ်းတိုးဖို့လည်း ပါဝင်နေပါတယ်။ ဂျိမ်းစ်ကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားဟန် ပြသနေတာကြောင့် ဒီ အင်္ဂလန်သားတွေကို ချယ်ဆီးက ဆက်ထိန်းဖို့ လှုပ်ရှားမှာပါ။

ဇီယက်ချ် အပြောင်းအရွှေ့

ချယ်ဆီးမှာ ပုံမှန် ပွဲ ကစားချိန် မရနိုင်ဘူး ဆိုရင် ဇီယက်ချ်က ထွက်ခွာလိုနေတယ်လို့ ဒီတလော သတင်းတွေမှာ ဖော်ပြလာပါတယ်။ အေစီမီလန်က မိုရိုကိုသားကို တောက်လျောက် ချိတ်ဆက်နေခဲ့တာပါ။ ဒါပေမယ့် ချယ်ဆီးက အပြီး ရောင်းချင်ပြီး အေစီက အငှား ခေါ်ချင်တာကြောင့် သဘောတူညီမှု မရသေးပါဘူး။

တိုက်စစ် တစ်ယောက် ထပ်ခေါ်ဖို့

ရာဟင်း စတာလင်ကို ခေါ်ခဲ့ပြီး ဖြစ်ပေမယ့် တူချယ်က ဒီနွေမှာ တောင်ပံတိုက်စစ်သမား နှစ်ယောက် ထပ်ဖြည့်ချင်တာ ဖြစ်လို့ နောက်ထပ် တစ်ယောက် အတွက် လှုပ်ရှားဖွယ် ရှိနေပါတယ်။

ချယ်ဆီး ပစ်မှတ်တွေထဲမှာ ရာဖင်ဟာ၊ ဒမ်ဘီလီတို့ကို မရတော့တဲ့ အပြင် ဂနာဘီကလည်း ဘိုင်ယန်နဲ့ သက်တမ်းတိုး သွားခဲ့ပါပြီ။ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ဖို့က တစ်လခွဲလောက် ကျန်သေးတာ ဖြစ်လို့ ချယ်ဆီးဟာ ပစ်မှတ်သစ် ခေါ်ယူဖို့ အချိန် ရှိနေပါသေးတယ်။