အငှားထွက်ဖို့ ကြိုးစားနေတဲ့ ရော်နယ်ဒို၊ ကွန်ဒေ၊ ဟာရစ်ဆန်၊ ကူကူရယ်လာတို့နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ စီးတီးဟာ ဘရိုက်တန် ကစားသမား မာ့ခ် ကူကူရယ်လာကို ခေါ်ယူရေးအတွက် အရှိန်မြှင့်လာတော့မယ် လို့ သိရပါတယ်။ ဘာစီလိုနာ ခံစစ်မှုးဟောင်းလည်း ဖြစ်တဲ့ ကူကူရယ်လာဟာ စီးတီးအတွက် ဇင်ချန်ကိုနေရာ အစားထိုးနိုင်မယ့် ပစ်မှတ် ဖြစ်နေပါတယ်။

ယူနိုက်တက် ကြယ်ပွင့် စီ ရော်နယ်ဒို ရဲ့ ကားကို စပို့တင်းလစ္စဘွန်း ကွင်းမှာ ရပ်ထားတာ တွေ့ခဲ့ရပြီးနောက် ပေါ်တူဂီသားဟာ အသင်းဟောင်းကို အငှားနဲ့ ပြန်သွားဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

ရီးရဲလ်မက်ဒရစ် ဂန္တဝင် ရာအူးလ်ဟာ အက်စပန်ညို အသင်းကို နည်းပြဖို့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် ငြင်းဆန်ပယ်ချ ခဲ့တယ် လို့ စပိန်မာကာ သတင်းက ဖော်ပြသွားပါတယ်။ ရာအူးလ်က ရီးရဲလ်ရဲ့ အရန်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကက်စတီလာ အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်နေသူပါ။

ချယ်ဆီးအသင်းဟာ ဆီဗီလာ အသင်း ခံစစ်မှုး ကွန်ဒေ ကို ရဖို့ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။ ပြင်သစ်သားကို ခေါ်ဖို့ ဘာစီလိုနာကလည်း အပြိုင် ရှိနေပါတယ်။

နယူးကာဆယ် အသင်းဟာ လိဒ်စ် ယူနိုက်တက် ကြယ်ပွင့် ဂျက် ဟာရစ်ဆန် ကို ခေါ်ဖို့ ပစ်မှတ်ထားလာကြောင်း Mirror သတင်းက ဆိုပါတယ်။ ၎င်းကို လိဒ်စ်က ပေါင် ၃၅ သန်း လို့ ဈေးသတ်မှတ်ထားပါတယ်။

လီဗာပူးအသင်းဟာ အရန် ကစားသမား ဘန်ဒေးဗီးစ်ကို ပေါင် ၄ သန်းနဲ့ ရိမ်းဂျားစ် အသင်းထံ ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ၂၀၂၁ ဇန်နဝါရီမှာ လီဗာပူးထံ ရောက်လာခဲ့ပေမယ့် စီနီယာ အသင်းကြီးနဲ့ တစ်ပွဲမှ မကစားလိုက်ရပါဘူး။