မန်ချက်စတာ ယူနိုက်တက်ဟာ လူငယ်အစွန်ခံစစ်သမားလေး အယ်ဗာဒို ဖာနန်ဒက်စ် ကို သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ၎င်းက လာမယ့် ရာသီမှာ ပရက်စ်တန် အသင်းမှာ အငှား ထွက် ကစားမှာပါ။
တန်ဟက်ရဲ့ အဓိက ပစ်မှတ် ဒီဂျောင်ကတော့ မန်ချက်စတာ ယူနိုက်တက်ထံ လာဖို့ လုံးဝ စိတ်မဝင်စားဘဲ ဖြစ်နေပြီး ဘာစီလိုနာကနေ ထွက်ရမယ် ဆိုရင်တောင် ချယ်ဆီးကို ရွေးချယ်လိုနေပါတယ်။
အက်သလက်တီကို မက်ဒရစ် အသင်း ဥက္ကဌ ဖြစ်သူကတော့ ယူနိုက်တက် ကြယ်ပွင့် စီရော်နယ်ဒိုနဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီသားရဲ့ အသင်းသစ် ပြောင်းရွှေ့ရေးကတော့ ဖြစ်လာဖို့ အခွင့်အလမ်း နည်းပါးလာနေပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ယူနိုက်တက်ကနေ ထွက်ခွာလိုနေဆဲ ဖြစ်ပြီး မန်ချက်စတာ ကလပ်နဲ့ ဆွေးနွေးမှုမှာ ဂန္တဝင် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ပါ ပါဝင်လာတယ် လို့ သိရပါတယ်။
အင်္ဂါနေ့က ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ပြန်လာခဲ့တဲ့ စီ ရော်နယ်ဒိုဟာ အခုလို အသင်းနဲ့ ကင်းကွာပြီး ဘယ်လောက်ကြာ လှုပ်ရှားဦးမယ် ဆိုတာနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အတွက် နောက်ဆုံးရက် ဆိုတာမျိုး သတ်မှတ် ပြောဆို ဆွေးနွေးသွားတယ် လို့ သတင်းထွက်ပေါ်နေပါတယ်။
တိုက်စစ်မှုးသစ် ခေါ်ဖို့ ရှာဖွေနေတဲ့ ဂျူဗင်တပ်ဟာ ယူနိုက်တက်မှ မာရှယ်နဲ့ ချယ်ဆီးမှ တီမိုဗာနာ တို့ကို ခေါ်ယူဖို့ ပစ်မှတ် ထားလာပါတယ်။
ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတွေဟာ ပါးမီးယက်စ်မှ အသက် ၁၆ နှစ် အရွယ် အံ့ဖွယ် ဆယ်ကျော်သက် လူငယ်လေး အမ်းဒရစ် ကို စောင့်ကြည့်နေကြပါတယ်။
