ဆီဗီလာအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ်သမားတွေ ဖြစ်တဲ့ အဲလက်စ် တဲလက်စ်နဲ့ အဲရစ် ဘိုင်လီတို့ကို စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ်က ဖော်ပြလာပါတယ်။ ဘိုင်လီကို ခေါ်ယူရေးမှာ အေစီမီလန်၊ ဖူလ်ဟမ်နဲ့ ရိုးမား တို့ကလည်း အပြိုင် ရှိနေပါတယ်။
စပိန်သတင်းတွေ အဆိုအရ ဖရန်ကီ ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်ကို အပြီးအပြတ် ငြင်းဆိုထားတာမျိုး မရှိသေးဘဲ ဘာစီလိုနာနဲ့ သူ့ရဲ့ လစာကြွေး ရစရာ ရှိတာတွေကို ရှင်းလင်းလိုနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုကိစ္စ ပြီးပြတ်မှသာ ဒီနွေ အသင်းပြောင်းရွှေ့ဖို့ ညှိနှိုင်းဖို့ ရှိနေပါတယ်။ ဒီဂျောင်ကို ချယ်ဆီးကလည်း စိတ်ဝင်စား နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်းက ခံစစ်သမား ၆ ယောက်ထိ ရှင်းထုတ် ရောင်းချလိုနေပါတယ်။ ထိုထဲမှာ တဲလက်စ်က ဆီဗီလာ သို့ ပြောင်းဖို့ နီးစပ်နေသလို ဖီးဂျုံးစ်ကလည်း ရွန်းနီရဲ့ ဒီစီ ယူနိုက်တက်နဲ့ ဆွေးနွေးနေပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို က ဗယ်လက်ကာနိုနဲ့ ပွဲမှာ စောစော အိမ်ပြန်သွားခဲ့တာက ဆိုးဝါးတဲ့ နမူနာမျိုး ဖြစ်စေခဲ့တယ် လို့ ယူဆနေကြကြောင်း ယူနိုက်တက်ကနေ အတွင်း သတင်း ထွက်ပေါ်လာပါတယ်။

ရော်နယ်ဒိုနဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ဟာ အသင်းသစ် ရှာဖွေ ကြိုးစားနေဆဲ ဖြစ်ပေမယ့် ပေါ်တူဂီသားဟာ ယူနိုက်တက်မှာပဲ ဆက်ရှိနေရဖို့ များနေပြီလည်း ဖြစ်ပါတယ်။
အင်္ဂလန် ကွင်းလယ်ကစားသမားဟောင်း တွမ် ဟက်ဒယ်စတုန်း ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ U21 ကစားသမား – နည်းပြ အဖြစ် တာဝန်ယူဖို့ ပြောဆို ဆွေးနွေးနေပါတယ်။
