တိုက်စစ်ပစ်မှတ်သစ် မိုရာတာနဲ့ ဆာဆာ၊ ဆက်ရှိမယ့် ရက်ဖို့ဒ်၊ ဇီယက်ချ် ချိန်လာခြင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

ယူနိုက်တက်ဟာ တိုက်စစ်မှုး မိုရာတာ အတွက် အက်သလက်တီကို မက်ဒရစ်နဲ့ ပြောဆို ဆွေးနွေးနေတယ် လို့ The Athletic သတင်းဌာနက ဖော်ပြသွားပါတယ်။ မိုရာတာ အတွက် ယူရို ၃၅ သန်း (ပေါင် ၂၉.၆သန်း) လို့ အက်သလက်တီကိုက ဈေးသတ်မှတ်ထားပါတယ်။

ယူနိုက်တက်ဟာ ချယ်ဆီးကနေ လိုက်ပ်ဇစ်ထံ တီမိုဗာနာရဲ့ အပြောင်းအရွှေ့ထဲ ဝင်ရှုပ်ဖို့ ကြိုးစား ခဲ့သေးပေမယ့် မအောင်မြင်ခဲ့တဲ့နောက် ချယ်ဆီးရဲ့ မိုရိုကို တောင်ပံကစားသမား ဟာကင်ဇီယက်ချ်ကို ခေါ်ယူချင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ စတုဂတ် တိုက်စစ်မှူး ဆာဆာ ကာလက်ဇစ် ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ် ထားပြီး ကစားသမားကလည်း အိုးလ်ထရက်ဖို့ဒ်ထံ ပြောင်းလာချင်နေကြောင်း စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။

ပီအက်စ်ဂျီ အသင်းရဲ့ မေးမြန်းချိတ်ဆက်မှုတွေ ရှိနေပေမယ့် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်က ဒီရာသီ ယူနိုက်တက်မှာပဲ ဆက်ရှိနေမယ် လို့ နည်းပြတန်ဟက်က အတည်ပြုသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာရဲ့ အရန် ဂိုးသမားနေရာအတွက် ဆောက်သမ်တန် ဂိုးသမားဟောင်း မက်ကာသီ ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ချယ်ဆီး၊ ဘိုင်ယန်၊ ဘာကာ၊ အက်သလက်တီကိုတို့နဲ့ ချိတ်ဆက်မှုရှိနေပေမယ့်လည်း စီ ရော်နယ်ဒိုဟာ နောက်ဆုံးမိနစ် အံ့အားသင့်စရာ ကမ်းလှမ်းမှုမျိုး မရှိရင် ဒီရာသီကို ယူနိုက်တက်မှာပဲ ဆက်နေသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဆာဂျီနိုဒက်စ်ကို ယူရိုသန်း ၂၀နဲ့ ရောင်းချဖို့ အကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ပြောဆို ဆွေးနွေး နေပါတယ်။

ဝက်စ်ဟမ်းဟာ ယူနိုက်တက် ကစားသမားဟောင်း မန်းဖစ် ဒီပေး အတွက် ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ပမာဏ များများနဲ့ ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။