အူဘာ၊ ဖိုဖာနာတို့နဲ့ တိုက်ရိုက် ဆွေးနွေးနေတဲ့ ချယ်ဆီး၊ အမ်ဒွမ်ဘီလီ၊ ကာဗာနီ တို့နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်နဲ့ ယခင် အပြောင်းအရွှေ့ကာလတွေမှာ သတင်းကြီးဖူးတဲ့ လိုင်ယွန် ကွင်းလယ်ကစားသမား ဟက်ဆန် အော်ရေး ဟာ နော့တင်ဟမ်ဖောရက်စ် အသင်းထံ ပြောင်းရွှေ့လာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဘာစီလိုနာ တိုက်စစ်မှုး အူဘာမီယန်းနဲ့ လက်စတာ ခံစစ် ဝက်စ်လေ ဖိုဖာနာတို့ကို တိုက်ရိုက် ချိတ်ဆက် ဆွေးနွေးနေပါတယ်။ ဒါ့အပြင် လာမယ့်အပတ်ထဲမှာလည်း အင်တာမီလန် ကစားသမား ကာဆာဒီ ကို ခေါ်ယူရေး ဆက်လက် ပြောဆိုကြဦးမှာပါ။

နာပိုလီအသင်းဟာ အမ်ဒွမ်ဘီလီ ကို အပြီး ဝယ်ယူခွင့် ပါဝင်တဲ့ အငှားနဲ့ ခေါ်ယူဖို့ တော့တင်ဟမ် စပါးအသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာဘီရော့ ကို ခေါ်ယူဖို့ အေးဂျင့် Veronique နဲ့ ကစားသမား အမေတို့နဲ့ ဆွေးနွေးမှုသစ်တွေ လုပ်ဆောင်ကာ တွန်းအားပေးလိုနေပါတယ်။ ဂျူဗင်တပ်ကတော့ ယူရို ၁၈ သန်းလောက်နဲ့ ရောင်းချဖို့ အသင့် ရှိနေပါတယ်။

ဂျူဗင်တပ်ဟာ မန်းဖစ် ဒီပေးကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူရေး အမြန်ဆုံး အပြီးသတ် လုပ်ဆောင် လိုနေပါတယ်။ ဒီပေးကတော့ ဒီအပတ်ထဲမှာ ဘာစီလိုနာနဲ့ စာချုပ် ဖျက်သိမ်းဖို့ ဆွေးနွေးနေပါတယ်။

ဘာစီလိုနာကတော့ အပြောင်းအရွှေ့ ဈေးကွက်မှာ အရှိန်လျော့သွားမှာ မဟုတ်ဘဲ နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်ဖွယ် ရှိသေးသလို လိုအပ်ရင် ကစားသမား ရောင်းချမှုတွေလည်း ရှိဦးမှာ ဖြစ်ကြောင်း ဥက္ကဌ လာပေါ်တာက ဆိုပါတယ်။

ပြင်သစ်ကလပ် နိုက်စ် အသင်းဟာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ကာဗာနီ ကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။