ချယ်ဆီးတောင်ပံတိုက်စစ်သမား ပူလီဆစ်ကို အငှားနဲ့ ခေါ်ယူဖို့ ယူနိုက်တက်က စိတ်ဝင်စားနေကြောင်း The Athletic သတင်းက ဆိုပါတယ်။ အမေရိကန် လက်ရွေးစင် ကစားသမားကို နယူးကာဆယ်၊ ဂျူဗင်တပ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ကလည်း အလိုရှိနေတာပါ။
ဝက်စ်လေ ဖိုဖာနာ ကတော့ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ လိုလားကြောင်း သူ့လက်ရှိကလပ် လက်စတာစီးတီးထံ အကြောင်းကြားခဲ့ပြီ ဖြစ်ပါတယ်။ လက်စတာကတော့ သူတို့ ခံစစ်သမားအတွက် စံချိန်တင်ကြေး ပေါင် ၈၅ သန်း အလိုရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘွန်ဒစ်လီဂါကလပ် မွန်ချင်ဂလာဘတ်မှ ဂိုးသမား ယမ်ဆွန်မာ ကို ဒီဂီယာ အရန် အဖြစ် ခေါ်ယူဖို့ ချိန်ရွယ်လာပါတယ်။ ၎င်းက မွန်ချင်ဂလာဘတ်နဲ့ ၂၀၂၅ ထိ စာချုပ် ရှိနေပြီး အခြား ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပါတယ်။
မန်စီးတီး လူငယ် တိုက်စစ်သမား လီယန် ဒီလပ် ဟာ စတုတ်စီးတီးထံ အငှား သွားရောက် ကစားတော့မှာ ဖြစ်ပါတယ်။ ဒီလပ်က တစ်ရာသီ အငှား ထွက် ကစားမှာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် ပါဝင်မှာ မဟုတ်ပါဘူး။
ဘက်ဆစ်တပ်အသင်းဟာ အဲဗာတန်အသင်းနဲ့ အတူ ရုန်းကန်နေရတဲ့ စပါးကစားသမားဟောင်း အလီကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ကစားသမား ကပ်စ်မဲရိုးကို ယူရို သန်း ၆ဝ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ရီးရဲလ်ကတော့ ဘယ်ဈေးပေးပေး သူတို့ ကစားသမားကို မရောင်းဘူး ဆုံးဖြတ်ထားတာပါ။

ဒါ့အပြင် ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ်မှ ဂျာအိုဖိလစ်နဲ့ ကွန်ဟာတို့ကိုလည်း ခေါ်ယူဖို့ လှုပ်ရှားနေပါတယ်။
ဘာနာဒို ဆေးလ်ဗားဟာ ဘာစီလိုနာသို့ ပြောင်းရွှေ့မယ့် အစီအစဉ်တွေ နောက်ဆုတ်လိုက်ပြီး အနည်းဆုံး ဒီတစ်ရာသီတော့ မန်စီးတီးမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း The Athletic သတင်းဌာနက ဖော်ပြလာပါတယ်။
