ယူနိုက်တက်က ကစားသမား ၁၂ ဦးနဲ့ ချိတ်ဆက်နေပြီး ဖီလစ်အတွက် ယူရို သန်း ၁၃၀ တန် ကမ်းလှမ်းမှု ပယ်ချခံရ

မန်ချက်စတာ ယူနိုက်တက်က အက်သလက်တီကို တိုက်စစ်သမား ဖီလစ်အတွက် ယူရို သန်း ၁၃၀ တန် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် မက်ဒရစ်ကလပ်ဘက်က ပယ်ချသွားခဲ့တယ်လို့ AS သတင်းဌာနက ဖော်ပြပါတယ်။

နည်းပြတန်ဟက်အတွက် တိုက်စစ်ပိုင်း အင်အားဖြည့်ပေးနိုင်ရေး ယူနိုက်တက်ဘက်က ကစားသမားသစ် ရှာဖွေနေရာမှာ ဖီလစ်တင် မဟုတ်ဘဲ သူ့ရဲ့ အသင်းဖော် တိုက်စစ်သမား ကူညာကိုလည်း စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် နှစ်ဦးလုံးကို ခေါ်ယူခွင့်ရမယ့် အနေအထားမှာ ရှိမနေပါဘူး။

ယူနိုက်တက် တာဝန်ရှိသူတွေဟာ စပိန်ကို ရောက်နေစဉ်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကပ်စ်မဲရိုးကို ခေါ်ယူရေးပါ စကားပြောနေပြီး ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။ အသက် ၃ဝ အရွယ် ဘရာဇီး ကွင်းလယ်လူကတော့ ဆုံးဖြတ်ချက် တစ်ခုခုကို ထုတ်ပြလာခြင်း မရှိသေးပါဘူး။

ယူနိုက်တက်ဟာ လက်တလောမှာ ကစားသမား ၁၂ ဦးထိကို ချိတ်ဆက်မှု လုပ်နေခဲ့တာဖြစ်ပြီး ချယ်ဆီးမှ ပူလီဆစ်၊ လက်စတာမှ ဗာဒီ၊ ဘာစီလိုနာမှ အူဘာမီယန်းတို့လို တိုက်စစ်သမားတွေ ပါဝင်နေပါတယ်။

ဒါ့အပြင် ကွင်းလယ်အတွက် ဂျူဗင်တပ်မှ ရာဘီရော့၊ ဘရိုက်တန်မှ ကာဆီဒိုတို့ကို ချိတ်ဆက်နေတယ်။ ညာအစွန်နေရာအတွက်တော့ မူနီယာ၊ ဒက်စ်တို့ဟာ ယူနိုက်တက် ပစ်မှတ်တွေဖြစ်ပြီး ဂိုးသမားနေရာအတွက်လည်း ရှာဖွေနေသေးတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ကလည်း သီတင်းပတ် ၂ပတ်သာ လိုတော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ကစားသမားသစ်တွေ ရနိုင်သလောက် ခေါ်ဖို့နဲ့ ရော်နယ်ဒိုကို လက်လွှတ်၊ မလွှတ် ဆုံးဖြတ် လှုပ်ရှားရတော့မှာ ဖြစ်ပါတယ်။