လီဗာပူးနဲ့ပွဲမှာ ပွဲထွက်ကစားနိုင်မှာ မဟုတ်တဲ့ ယူနိုက်တက် ကွင်းလယ်လူသစ် ကက်စမဲရိုး

မနက်ကပဲ မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ်အဖြစ် ကြေညာခြင်း ခံခဲ့ရတဲ့ ကွင်းလယ်လူ ကက်စမဲရိုးဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် အိုးထရတ်ဖိုဒ့်ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ The Athletic က ဖော်ပြပါတယ်။

သောကြာနေ့ ညနက်ချိန်မှာပဲ ယူနိုက်တက်က ဘရာဇီးကွင်းလယ်လူကို ခေါ်ယူနိုင်ကြောင်း အတည်ပြု ကြေညာခဲ့တာပါ။ အသက် ၃၀ အရွယ် ကွင်းလယ်လူအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ပေးရတာဖြစ်ပြီး ထပ်တိုးကြေးတွေအရဆို ပေါင် သန်း ၇၀ ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမား ၅ ဦးထဲက တစ်ဦးအဖြစ် ပါဝင်သွားမယ့် ကက်စမဲရိုးဟာ ၄ နှစ်သက်တမ်းရှိ စာချုပ်ကို လက်မှတ်ထိုးခဲ့တာဖြစ်ပြီး နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်မှာဖြစ်ပါတယ်။

ကလပ်နဲ့ ကစားသမားတို့ဟာ တရားဝင် စာချုပ်ရေးထိုးခဲ့ကြပြီဖြစ်ပေမယ့် ဗြိတိန်မှာ လာကစားဖို့အတွက်ဆိုရင် ဆေးစစ်ဖို့ကော၊ အလုပ်ပါမစ် ခွင့်ပြုချက်ပါ လိုအပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် အိုးထရတ်ဖိုဒ့်ကွင်းမှာ ကက်စမဲရိုး မပါဝင်နိုင်တာလို့ သိရတယ်။

ကက်စမဲရိုးရဲ့ စာချုပ်မှာ ယူနိုက်တက်အသင်း ချန်ပီယံလိဂ် ကစားခွင့်ရအောင် ကူညီပေးနိုင်မယ်၊ အခြားသော သဘောတူညီမှုတွေအတိုင်း သူ့စွမ်းဆောင်ရည်ကို ပြသနိုင်မယ်ဆိုရင် သူ့ရဲ့ လုပ်ခဟာ သက်ရောက်မှု ရှိလာပါမယ်။ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် ဆက်လက် လွဲချော်ရင် ကက်စမဲရိုးရဲ့ လုပ်ခက လျော့ကျသွားမှာ ဖြစ်ပါတယ်။

ကက်စမဲရိုးကို ကမ်းလှမ်းနေစဉ်အတွင်းမှာပဲ ယူနိုက်တက်ဟာ အေဂျက် တိုက်စစ်သမား အန်တိုနီကို စိတ်ဝင်စားမှုအား ပြန်ပြီး အသက်သွင်းခဲ့ပါသေးတယ်။ ဗုဒ္ဓဟူးနေ့တုန်းကပဲ ယူနိုက်တက်ဘက်က အန်တိုနီအတွက် ယူရို သန်း ၈၀ ပေးမယ်လို့ အေးဂျက်ကို ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နွေဈေးကွက် မပိတ်ခင် တိုက်စစ်သမား တစ်ဦး ခေါ်ယူနိုင်မလားက ယူနိုက်တက်အတွက် စိန်ခေါ်မှု ဖြစ်လာနေပါတယ်။ ယူနိုက်တက်က ပီအက်စ်ဗီ တိုက်စစ်သမား ဂတ်ပိုကိုလည်း စိတ်ဝင်စားပြီး ကမ်းလှမ်းမှု လုပ်နိုင်တယ်လို့ သိရပါတယ်။