လက်စတာစီးတီးဟာ ဒီနွေ ပထမဆုံး ခေါ်ယူမှု အဖြစ် အာဆင်နယ်မှာ အပယ်ခံ ဖြစ်လာနေတဲ့ နီကိုးလပ်စ် ပီပီ ကို ကြိုးစားလာဖို့ ရှိကြောင်း ပြင်သစ်က သတင်းတွေနဲ့ The Times က ဖော်ပြလာပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာသာ ဘရိုင်ဂီးလ်၊ တန်ဂန်ဂါတို့လို ကစားသမားတွေကို ထွက်ခွာခွင့် ပြုမယ် ဆိုရင် နောက်ထပ် ကွာလတီ ကစားသမားတွေ ထပ်မံ ခေါ်ယူဖို့ ရှိနေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ်။ စပါးအသင်းဟာ လိဒ်စ် တိုက်စစ်သမား ဒန်ဂျိမ်းစ်ကိုလည်း အံ့အားသင့်ဖွယ် ချိန်ရွယ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် အကြီးအကဲတွေက နွေဈေးကွက် မပိတ်ခင်မှာ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဦးမယ် လို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လက်စတာမှ ဖိုဖာနာ ကို မရခဲ့ရင် အစားထိုး ပစ်မှတ် အဖြစ် ဘရိုက်တန်ရဲ့ အဒမ် ဝက်စ်တာ ကို ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
လာမယ့် ရက်ပိုင်းအတွင်းမှာ ချယ်ဆီး ခံစစ်ကြောင်းက ကစားသမား အဝင်၊ အထွက်တွေ ရှိလာဦးမယ် လို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဆိုထားပါတယ်။ ချယ်ဆီး ကစားသမား အထွက်ထဲမှာ အမ်ပဒူက အငှား ထွက်ဖွယ် ရှိနေသလို ချာလိုဘတ်ကလည်း အင်တာမီလန် အပါအဝင် ဥရောပအသင်း တော်တော်များများ အလိုရှိခံနေရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ PSV အသင်းမှ နယ်သာလန် တောင်ပံတိုက်စစ်သမား ကိုဒီ ဂတ်ပို ကို ခေါ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ နည်းပြတန်ဟက်ဟာ နယ်သာလန်သားတွေကို ပိုမို ပစ်မှတ်ထား ခေါ်ယူနေပါတယ်။

နယူးကာဆယ် ကြယ်ပွင့် အလန် စိန့် မက်ဇီမင်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရေဒါထဲမ ယခင်ဈေးကွက် ကာလတွေ ထဲက ပါဝင်ခဲ့ဖူးပြီး ဒီအပြောင်းအရွှေ့မှာလည်း ဆက်လက် ပစ်မှတ်ထားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဖူလ်ဟမ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ မူပေးရဲ့ အေးဂျင့်တွေနဲ့ ပြောဆိုဆွေးနွေးနေဆဲ ဖြစ်ပြီး ပေါင် ၅၁ သန်းကျော်တန် အပြောင်းအရွှေ့ ဖြစ်လာဖို့ ကြိုးစားနေပါတယ်။ မူပေးက ဘရိုက်တန်နဲ့ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်ရှိနေသူပါ။
