ကွင်းလယ် ကစားသမား ကိုဗာဆစ်ဟာ အင်္ဂါနေ့က ချယ်ဆီး အသင်းနဲ့ အတူ ထရိန်နင် အပြည့် ပြန်ဆင်းနေပြီး ဒူးဒဏ်ရာကနေ သက်သာလာကာ ပြန် ကစားလာနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဝက်စ်လေ ဖိုဖာနာ အတွက် ချယ်ဆီးအသင်းရဲ့ ပေါင် သန်း ၇ဝ ကမ်းလှမ်းမှုကို လက်စတာက ပယ်ချလိုက်ပြန်ပါတယ်။ ချယ်ဆီးက ဖိုဖာနာ ကို တတိယအကြိမ် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ကစားသမားကလည်း အသင်းပြောင်း လာချင်တာကြောင့် လက်စတာဘက်ကို တောင်းဆိုနေပါတယ်။

လက်စတာကတော့ မက်ဂွဲရားတုန်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၈ဝ ထက် ကျော်တဲ့ ကမ်းလှမ်းမှုမှသာ ဖိုဖာနာ ကို ရောင်းဖို့ စဉ်းစားမယ် လို့ တုန့်ပြန်ထားပြီး လက်ရှိမှာ ကစားသမားကို လက်စတာ U21 အသင်းနဲ့ အတူ ထရိန်နင် ဆင်းခိုင်းနေပါတယ်။
ဘိုင်ယန် လီဗာကူဆင် အသင်းဟာ ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းကို အငှားနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီ လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ်။ ကလပ်နှစ်သင်းကြား ဆွေးနွေးမှုကလည်း အတော် ခရီးပေါက်နေပြီ ဖြစ်ပြီး အင်္ဂလန်သား ရဲ့ လက်ရှိ တစ်ပတ် ပေါင် ၁သိန်း လစာကိုလည်း မျှခံကြဖို့ ဆွေးနွေးနေတယ် လို့ သိရပါတယ်။
ချယ်ဆီးအသင်းဟာ အူဘာမီးယန်း အတွက် ဘာစီလိုနာ တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ပေးဖို့ သဘောတူညီမှု မရသေးပေမယ့် အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ကစားသမားနဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီး ဖြစ်ပါတယ်။
အဲဗာတန် အသင်းဟာ ဂေါ်ဒန် အတွက် ချယ်ဆီး ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး ပြောင်းရွှေ့ကြေး အပြင် ကစားသမား အငှားလွှတ်ပေးမှုပါ ပါဝင်ဖို့ ညှိနှိုင်းနေပါတယ်။ အဲဗာတန်က ချယ်ဆီးထံမှ ဂလယ်ဟာ သို့မဟုတ် ဘရိုဂျာ ကို အလိုရှိနေတာပါ။

ဟယ်ရီ မက်ဂွဲရား အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်ဆီး အသင်းကြား ဘာ ညှိနှိုင်း ဆွေးနွေးမှုမှ ရှိမနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပြီး မက်ဂွဲရားဟာ ယူနိုက်တက်မှာပဲ ဆက်ရှိနေဖွယ် ရှိပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ချယ်ဆီး ကွင်းလယ်သမား ကော်နာ ဂလယ်ဟာ ကို ခေါ်ယူဖို့ ပြင်ဆင်လာကြောင်း သတင်း ထွက်လာပါတယ်။ ပဲလေ့စ်ကလည်း ပြီးခဲ့တဲ့ရာသီ အငှား ခေါ်ခဲ့တဲ့ ဂလယ်ဟာ ကို ပြန်ခေါ်ချင်နေပြီး နယူးကာဆယ်ကလည်း ချိတ်ဆက်နေပါတယ်။
