ဖိုဖာနာ သဘောတူညီမှု ရခြင်း၊ ကွင်းလယ်ခေါ်တော့မယ့် လီဗာပူး၊ အူဘာနဲ့ ချယ်ဆီး စာချုပ်ကိစ္စနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ လက်စတာ ခံစစ်မှုး ဖိုဖာနာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။ ပြောင်းရွှေ့ကြေးက ဆုကြေးတွေ အပါအဝင် ပေါင် ၇၅ သန်း ဖြစ်ပြီး မနေ့က လက်စတာဘက်က မီးစိမ်းပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ကွင်းလယ်လူသစ် မလိုအပ်ပါဘူးလို့ သူ ပြောခဲ့တာတွေ မှားယွင်းကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပြီး ဈေးကွက်မပိတ်ခင်အမှီ မှန်ကန်တဲ့ ကွင်းလယ်သမား တစ်ယောက် ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ် လို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဘာစီလိုနာ ကွင်းလယ် ဒီဂျောင်ကို ချိတ်ဆက်လာနေပြီး လက်စတာမှ တိုင်လီမန်းစ်နဲ့လည်း သတင်းထွက်လာပြီ ဖြစ်ပါတယ်။ ဒီဂျောင်ကို ယူနိုက်တက်ကလည်း လက်မလျှော့သေးပါဘူး။

အေဂျက် တိုက်စစ်မှုး အန်တိုနီဟာ လတ်တလော အင်တာဗျူးမှာ ဒီနွေမှာ အသင်းကနေ ထွက်ခွာချင်နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုကာ ယူနိုက်တက်သို့ ပြောင်းရွှေ့လိုတဲ့ သဘောထားကို ထုတ်ပြောလာပြီ ဖြစ်ပါတယ်။

အေဂျက်ကတော့ အန်တိုနီ အတွက် ယူနိုက်တက်ရဲ့ ယူရို သန်း ၉ဝ နဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး ယူရို သန်း ၁ဝဝ တန်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။

ချယ်ဆီးအသင်းရဲ့ အူဘာမီးယန်းကို ခေါ်ယူရေးဟာ ကစားသမားနဲ့ စာချုပ်သက်တမ်း ညှိနှိုင်းမရလို့ ရပ်တန့်နေပါတယ်။ အသက် ၃၃ နှစ် အရွယ် တိုက်စစ်မှုးကို ၂နှစ် စာချုပ် အလိုရှိပေမယ့် ချယ်ဆီးက တစ်နှစ် သက်တမ်းသာ ကမ်းလှမ်းခဲ့တာပါ။

နော့တင်ဟမ်ဖောရက်စ် မန်နေဂျာ စတိဗ် ကူးပါးဟာ ဒီနွေမှာ ကစားသမားသစ် ၁၇ ယောက်ထိ ခေါ်ယူပြီးပေမယ့် မရပ်သေးဘဲ ထပ်မံ ခေါ်ယူလိုသေးတယ်လို့ ဆိုထားပါတယ်။

စပါး ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်ဟာ အီတလီကလပ် ဆမ်ဒိုးရီးယား အသင်းထံ အငှားထွက် ကစားတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ နည်းပြ ကွန်တီလက်ထက်မှာ ပွဲကစားခွင့် နည်းပါးနေတာပါ။