အန်တိုနီ ရဖို့ နီးစပ်လာတဲ့ ယူနိုက်တက်၊ မာရှယ် စာချုပ်သစ်၊ အဆန်စီယို၊ ထရန့်စကားနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးအသင်း ပိုင်ရှင်တွေဟာ ဇန်နဝါရီ ဈေးကွက်ဖွင့်ရင် သုံးဖို့ အတွက် နည်းပြ ပက် ဂွာဒီယိုလာကို ပေါင် သန်း ၁ဝဝ ပေးထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက် တိုက်စစ်မှုး အန်တိုနီ ကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းက ဖော်ပြလာပါတယ်။ ကလပ်နှစ်သင်းကြား ဆွေးနွေးမှုကလည်း တိုးတက်နေပြီး လာမယ့် ၂၄ နာရီ အတွင်း သဘောတူညီမှုရဖွယ် ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ ခံစစ်သမား ချာလိုဘတ် ဟာ ဒီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ပြုမှာ မဟုတ်ပါဘူး။ ၎င်းကို အေစီမီလန် က အငှားနဲ့ ခေါ်ဖို့ ချိတ်ဆက်နေပါတယ်။

ကြာသပတေးနေ့ အပြောင်းအရွှေ့ ပိတ်ရက် မတိုင်ခင် ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား မာကို အဆန်စီယို ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်က ရေပန်းစားလာနေပါတယ်။

ချယ်ဆီးနည်းပြ တူချယ်ဟာ စီ ရော်နယ်ဒို ကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ယခင် ယူနိုက်တက် နည်းပြ ရန်းနစ်နဲ့ စကားပြောဆို အပြီးမှာ ပေါ်တူဂီသားကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

လီဗာပူးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်သမား ဖရန်ကီ ဒီဂျောင် ကို တရားဝင် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားကြောင်း စပိန်ဘက်က သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဒါပေမယ့် နယ်သာလန်သားဟာ ဘာစီလိုနာ မှာပဲ ဆက်နေဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှုး အန်သိုနီ မာရှယ် ကို စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ရာသီဝက် ဆီဗီလာမှာ အငှားထွက် ကစားခဲ့သေးပြီး ဒီရာသီ နည်းပြတန်ဟက် လက်ထက်မှာ ခြေစွမ်းပြနေခဲ့တာပါ။

လီဗာပူးရဲ့ ဘုန်းမောက်ကို ၉-ဝ နဲ့ နိုင်တဲ့ ပွဲဟာ ပြီးခဲ့တဲ့ ယူနိုက်တက် ကို ရှုံးတဲ့ပွဲရလဒ်ကို တုန့်ပြန်မှု ဖြစ်ကြောင်း ထရန့် အလက်ဇန်းဒါး အာနိုးလ်က ဝန်ခံ ပြောဆိုလိုက်ပါတယ်။